Categories
Poetry

များများ မလိုဘူး

#2022Feb26Coup

#MarkingOneYear

#Day391SpringRevolution

#Day173DDay

များများ မလိုဘူး

အယောက်ချင်းဆီက စာနာမှု

နည်းနည်းစီ။

ကျောကော့အောင် ပူတယ်ဆိုတဲ့

ရင်ဘတ်ထဲက မီး

အရှိန်ညီးညီး တောက်လောင်ကြ

ငါတို့ လွတ်မြောက်မှ ဖြစ်မယ်။

၃၀၇ ရက်မြောက်

သွေးမအေးတဲ့ ရွှေနွယ်သွေး

တော်လှန်ရေး အားဆေးတစ်ခွက်

အကြောပြိုင်းပြိုင်းထ သန်မာလက်တွေ

ဇောအလှိုင်းလှိုင်းကြွ ရန်ငါပြတ်စေ

တောအရိုင်းစိုင်းဓားပြ ကြမ္မာရက်ရှည်

ဖဲ့ခြွေဖို့ ပြည်သူ့အား ကြိုးစားရုန်း

အဆုံးထိသွားမယ့် တော်လှန်ရေး

လေးစားတယ်။

လေဆန် ထိုးဖောက်သွားတဲ့ ခွန်အား အကြည့်

သတ္တိဆိုတာ စာနာမှု။

“တစ်ယောက်ချင်း အကုန်ဝိုင်းတွန်းကြရင်

ပိတ်ထားတဲ့ တံခါးများပွင့်မှာပါ” ….

ပြည်တွင်းဖြစ်

ဖက်ဆစ်တော်လှန်ရေး မုချအောင်ရမယ်။

#ဖက်ဒရယ်သည်သာ_ငါတို့ပန်းတိုင်

မင်းဟိန်း

– – – – – – – – – – – – – – – – – – – – – – – – – – – – – – –

2022 February 26 (Saturday)

Image Credit: Original Uploader

#MyanmarSpringRevolution2021

Categories
Poetry

NCA

တချို့

လိမ်ညာထားတဲ့ ဟောစာတမ်းအတု

မိတ္တူထပ်ထပ် ပွားနေသလို။

တချို့

အနာဂတ်ထဲ

ပိုင်ပိုင်နိုင်နိုင် ရောက်နေတာတောင်

ပစ္စုပ္ပန်မှာ

အတိတ်မေ့သလို ရွှေပြောက်သလို။

တချို့

သန်းကောင်ထက်

ညဉ့်မနက်ပါဘူး ပြောရဲကြပေမယ့်

မနက်မလင်းနိုင်တော့ဘူးဆိုတာ မေ့နေသလို။

ပြောချင်တာက

စိတ်နဲ့ မြေကြီး

မီးရှို့ပြီး

သန်မာအောင်လုပ်ပေးတတ်တဲ့ မာရ်နတ်နဲ့

တစ်ဖက်ထဲ မရပ်မိစေဖို့။

ဘယ်နေရာမွေးမွေး

ဘာအသွေးအရောင်ဖြစ်ဖြစ်

လူသားဖြစ်တည်မှု ညွှန်းကိန်းအတိုင်း

ကိန်းဝပ်တဲ့နှလုံးသား

အမှန်တရားဘက် ရပ်ဖို့။

သူရဲကောင်းဆိုတာ

အပ်တိုတစ်လက်၊ သစ်ခက်တစ်ပိုင်းနဲ့

သမိုင်းပေးတာဝန်

ကျေပွန်နိုင်တယ်

မြေပူမှာ ခြေဗလာလျှောက်ရဲဖို့။

ပြည်တွင်းဖြစ်

ဖက်ဆစ်တော်လှန်ရေး မုချအောင်ရမယ်။

#ဖက်ဒရယ်သည်သာ_ငါတို့ပန်းတိုင်

မင်းဟိန်း

2022 February 14 (Monday) 17:19

Image Credit: Original Uploader on FB
Categories
Poetry

ချမ်းမြေ့လ

ချမ်းမြေ့ လ

ရေပြင် အရိပ်ထင်

လှိုင်းဂယက် ထ

ခဏ တွန့်ကွေးသွားပေမယ့်

သူ့ မာန

ကောင်းကင်ယံ မားမားမတ် ဝင်းပ။

ဒီခေတ်ကြီး

ငါတို့ ကြောက်စိတ်

သန်မာအောင် ပြုပြင်ပေးခဲ့တယ်။

လရောင်အောက်

ရင်ဘတ်ချင်း ချိတ်ဆက်

ငါတို့ လမ်းပြကြယ်

အရိပ်တွေ အလင်းတွေ

ကျောက်ဆောင်မျက်နှာပြင်ထက်

ဖိတ်အန်ကျ

ဘယ်တော့မှ မစိတ်မွှာစေရဘူး။

ကြယ်သင်းပင်း

ဝန်းရံခ­­­

အေးမြ အလင်း

လှိုင်းတံပိုးတွေ ချနင်းပစ်တယ်။

မင်းဟိန်း

Categories
Poetry

အာဖရိကန်တေး

အရွယ်ရောက် ကာဖိုးတို့

ဗုံလုပ်ဖို့ သစ်ခုတ်ကြ

ငါတို့ မျိုးနွယ်စု

အချက်ပေး ဗုံသံတွေလိုတယ်။


သားရည် အားစိုက်နယ်ကြ

သားရည်ကြိုး တင်းတင်းကျစ်ကြ

သစ်လုံးထွင်းကြ

ဒါမှ ဗုံသံလှမှာလေ ……


တင်းတင်းကြက်ထားတဲ့

သားရည်မျက်နှာပြင်

လက်ဆစ်တွေ ရောင်ရမ်းသွားအောင်

မြင်းရိုင်းလို ပြေးလွှား ကဆုန်ပေါက်

အဆက်မပြတ် ရိုက်ပုတ်။


နီစွေး ဆေးရေး သစ်စည်

အရိုင်းဆန် ပွက်ပွက်ဆူ ချယ်သ

မျိုးနွယ်စု လွတ်လပ်တေး

တုန်ဟီး မြေ

ခြေဗလာနဲ့ကခုန် ကန်ကျောက်

မြွေဆိုးနတ် ဆန့်တန်းလက် ခါရမ်း။


ငါ့တို့ ဗုံသံ

သတင်းအချက် ပါတယ်

အဖြစ်အပျက် ပါတယ်။


မျိုးနွယ်စု ငါတို့ စောင့်ရှောက်

မင်းဟာ ငါတို့ပဲ

ငါတို့ဟာ မင်းပဲ ဆာဗားနား

ငါတို့ တရွာတည်းသားတွေ။

မင်းဟိန်း

Categories
Poetry

Turning Point 10:37

ကျည်ဆန်နဲ့ မောင်းနှင်တဲ့ ယန္တရားကြီး

နှစ်၇၀ ခရီးရောက်ခဲ့။



အမျိုးတွေသွေးအေးခဲ့ပုံက

ကမ္ဘာစစ်လက်ကျန်

အမြောက်ဆန်တွေ

ဘုရားစင်ပေါ်ရောက်ခဲ့ဘူးတယ်။



အာဏာရှင်လက်ကျန်

ဘုရားထူးကျွန်ခံတွေ ကြီးစိုးသရွေ့

10:37 နာရီလက်တံ

နောက်ပြန်ပဲ လှည့်လှည့်

ရှေ့တည့်တည့်ပဲ သွားသွား

ကျည်ဆန်ရထားကြီး စီးရဦးမယ်။



နှစ်၆၀ နွေဦး

ခုထိ အနာဂတ်တွေ ကူးခတ်နေရဆဲ

မုန်တိုင်းထဲ ပျံနေရင်

တောင်ပံတွေ ရုပ်သိမ်းလို့ မရဘူး။

မင်းဟိန်း

2021 07 20 (Ygn)

#SpringRevolutionMyanmar

#AgainstMilitaryDictatorship

#MilikTeaAlliance

#Day170SpringRevolution

The bullet-driven mechanism has covered

a 70-year journey.



Cannon shells,

the World War II remnants have been placed

at the shrine (as flower vases)

thanks to our nonchalant relatives.



As long as the faithful of dictators reign,

we’ll be on the bullet-driven train

whether the 10:37 clock hands

turn clockwise or anticlockwise.



As yet, the future of our 60-year

Spring Revolution has been struggling on.

Once flying in that storm,

we cannot fold our wings.

English Version By KNyein

Credit: Original Uploader on FB

Categories
Poetry

ဘယ်သား အရင်စလွမ်းရမှန်း မသိ

ထမင်းဝိုင်းပြင်တိုင်း

သားတွေမစုံတော့တာ သိတယ်။

ချက်ရတဲ့ထမင်းအိုး သေးသွားပေမယ့်

ဆေးရတဲ့ပန်းကန်တွေ လျော့သွားပေမယ့်

ဝေးရတဲ့အတွေး ပိုလေးပင်တယ်။

ညမှောင်စပျိုးလာရင်

အရင်လို မျှော်နေတတ်တဲ့စိတ်

အိမ်ရှေ့ဝင်းတံခါးမကြီး

ဖွင့်သံပိတ်သံတွေဆီမှာ

ဘယ်သူအိမ်ပြန်ရောက်ပြီလဲ

ဆန်ထဲ စပါးလုံး ခဲ စင်အောင်ရွေးရင်း

သံမီးပူကြီး တဂျပ်ဂျပ်၊ မီးသွေးခဲတွေယပ်ခပ်

အရင်လို အပုံကြီးမဖြစ်တော့တဲ့

ခေါက်လက်စ အဝတ်တွေကြည့်ရင်း

ဘယ်သား အရင်စလွမ်းရမှန်း မသိ။

စည်းကမ်းများတဲ့ ဖအေ

ခပ်ပေပေသားတွေကြား

ရိုက်လားနှက်လားလုပ်မှာ စိုးရိမ်

လူပျိုတွေပေါက်ကုန်ကြပြီမို့

အိမ်အပြင်ထွက်လည်တာလေး မတားရက်

ဗျာများခဲ့ရ ရက်တွေ

မျက်ရည်အဝဲသားသတိရ။

သင်းတို့ နေမှကောင်းရဲ့လား

ဝင်ငွေရော ရှိရဲ့လား

အသားခြောက်လေးလှမ်း

မြေပဲဆံလေးကြော်

ပေးလိုက်ချင်စမ်းတယ် လူကြုံနဲ့။

ဘယ်သား အရင်စလွမ်းရမှန်းမသိ။

တစ်ယောက်တစ်မြို့တစ်ရွာဆီ

အိမ်ထောင်တွေလဲကျ

မြေးရရင် ငါ့လာပြပါဦးဆိုတာလည်း

တစ်ယောက်မှ မလှုပ်။

မနက်စာဟင်းတစ်ခွက်ချက်ရင်း

ထင်းမီးခိုးမွှန် မျက်ခမ်းစပ်

ကျလာတဲ့မျက်ရည်

မီးခိုးမွှန်လို့ပါအေ …

အနားရောက်လာတဲ့သမီး အရှက်ပြေပြော

ဟင်းဒီတစ်ခါပွက်ရင် ထမင်းစားလို့ရပါပြီ

ညည်းအဖေလည်း ဆာရော့မယ်။

ဟင်းစုံအောင် တဒယ်ချ တဒယ်တင်

တပွက်ပွက် ချက်လိုက်ချင်ပေမယ့်

ခံတွင်းမလိုက်တာလည်း ကြာပါပြီ‌အေ။

အသားငါး အဆီအသား ချေးများတဲ့သား

အပေါ့အငန် အဖန်အစပ် ချေးများတဲ့သား

ဆီပြန်ကြိုက်တဲ့သား

ဟင်းရေစပ်စပ် သောက်ချင်တဲ့သား

ဘယ်ဟင်းချက်ရင်

ဘယ်သား ဘယ်နှစ်ပန်းကန်စားမလဲဆိုတာ

အထင်းသားအကုန်သိတယ်။

ညညဆို လူစုံအောင်စောင့်တဲ့အချိန်

သင်းတို့ဖအေမသိအောင်

တံခါးချက်အသာချ

ခြေသံဖွဖွလေး နင်းခိုင်းရတာလည်း

အမေ မပင်ပန်းဘဲ သတိရတယ်။

ဆံပင်တွေဆီခြောက်

ဘာလို့မှန်းမသိ တစ်ခါတစ်လေ

မျက်ရည်ပူတွေ တောက်တောက်ကျတယ်။

အမေရေးတဲ့စာရရင်

ပြန်လာပါ ………။

(အမေသို့ …../မင်းဟိန်း)

၂၀၂၁ ဇန်နဝါရီ ၂၀၊ ဗုဒ္ဓဟူး၊ ၁၉:၃၀ နာရီ

ရန်ကုန်

Categories
Poetry

ဆင်တောင်တန်းပေါ်က မြို့

တောင်ရိုးအိုးစည်

ရှမ်းအိုးစည်

တုံတုံမြည် မနက်ခင်း

ရေချိုးပျင်းတတ်တဲ့မြို့။

တောင်ခိုးနဲ့တိမ်

ရောယှက်လိမ်မြူး

ထင်းရူး ချယ်ရီ စတော်ဘယ်ရီ

ပါးအို့နီလေးတွေ

သိမ်းပိုက်ထားတဲ့မြို။

အောက်မှာ တောင်လေးလုံး

အပေါ်မှာ မဲနယ်

အလယ်မှာတောင်နှစ်ထပ်

တရုတ်စောင်ထူထူတထပ်နဲ့

ထွေးပွေ့တတ်တဲ့မြို့။

တစ်နှစ်တာ

မီးစာစိမ်ရင်း

ယမ်းစိမ်းထောင်းရင်း

ရှမ်းစက္ကူချိုးရင်း

တန်ဆောင်တိုင်အိပ်မက် တက်တူးထိုး

နံရိုးတစ်ချောင်း ဖန်ဆင်းထုတ်

မှိုင်းစာပြင်း မီးပုံးတံဆိပ်နဲ့

ဧည့်ဖိတ်တဲ့မြို့။

နှစ် ၆၀ ကျော်
တောင်တန်းပေါ်
ပင်လုံစာချုပ်
မြဲမြဲဆုပ်
ဗိုလ်ချုပ်စောင့်တဲ့မြို့။

မင်းဟိန်း
၂၇ နိုဝင်ဘာ ၂၀၁၄
ညီ ရှိုးတီနဲ့ တောင်ကြီးပန်းခြံထဲရောက်သွားပြီး ရေးဖြစ်သွားတာ။

အကိုရေ ဗိုလ်ချုပ်လည်း လက်ထဲကစာချုပ်ကို မြေဂရံထင်ပြီး လာလုမှာစိုးလို့ တင်းတင်းဆုပ်ထားရတယ်။ ရယ်စရာပြောတာ ၂၀၁၄ ထဲမှာနော်။ ရှိုးတီရေ သတိရတယ်။ တို့ ညီအကိုတွေ ဆင်းရဲခြင်း ခက်ခဲခြင်း အတူကျော်ဖြတ်ခဲ့ပြီးမှ … …

Categories
Poetry

တစ်ဘဝစာ အလွဲ

မော်လမြိုင်ကမ်းနား

ဘလူးဝီစကီဝမ်းဗိုက်သား တိမ်တွေ

သံလွင်ထဲ ရီဝေ ပြိုဆင်း

မြစ် လေညင်း

ညခင်းဈေး ညှော်နံ့

စိတ်ကူး ပျံကျပြေးလွှား

ဆံပင်တွေ ဖွာလံကြဲ။

လေညင်းခံအပြီး

လက်ကျန်စီးကရက်

အိပ်ထဲထည့်

ကြည့်စရာပိုစတာ တစ်ပုံမှမရှိတဲ့

ဘုရင့် ရုပ်ရှင်ရုံ

အမှိုက်ပုံတစ်ခု

အဲဒီမှာ

ကိတ်ဝင်းစလက် ရောက်နေတယ်။

Categories
Poetry

သေရည်မူးတဲ့ လ

လူအများကြီးကြားထဲ
အထီးကျန်သလို ခံစားရတဲ့အခါ
အဆင်ပြေလားဆိုတဲ့ စကားတခွန်း
မောပန်းပန်း မျှော်နေမိ။

နီရဲကောင်းကင်
တိမ်စက္ကူစွန် ပြေးလွှားတုန်း
အန်ချပစ်လိုက်တယ်
ကိုယ့်လူ အတော်မူးနေပြီပဲ။

ကောင်းဖြိုး

၂၀၁၄ အောက်တိုဘာ ၁၈
ရန်ကုန်

Categories
Poetry

ငါ့နိုင်ငံတော် ပြန်ပေး

တစ်ခါတလေ
ငါငိုကြွေးချင်တဲ့အခါ
ဘယ်သူပုခုံးငှားပေးမှာလည်း
မျက်ရည်တွေစွန်းထင်းပြီး
အနေမခက်စေချင်ပေမယ့်
ခဏပေးငှားပါ။
ငါ မောပန်းလှပါပြီ …..

ငါ့အတ္တ ငါ့အိပ်မက်
ယိုးစွတ်လိုက်စမ်းပါ။
တစ်ခါတလေ
ငါ လူပီသချင်တယ်။

ခက်ခက်ခဲခဲ ဖန်တီးနေရတဲ့
နုံချာချာ စားဝတ်နေရေး ဘဝတွေထဲ
လူတကာ ခဏခဏပြောဖန်များနေတဲ့
မသတီစရာ သွေးစုပ်ကောင်တွေကြား
အလွမ်းဆိုတာ
ပြောပြဖို့တောင် ရွံစရာကောင်းသေးရဲ့။