Categories
Poetry

အာဖရိကန်တေး

အရွယ်ရောက် ကာဖိုးတို့

ဗုံလုပ်ဖို့ သစ်ခုတ်ကြ

ငါတို့ မျိုးနွယ်စု

အချက်ပေး ဗုံသံတွေလိုတယ်။


သားရည် အားစိုက်နယ်ကြ

သားရည်ကြိုး တင်းတင်းကျစ်ကြ

သစ်လုံးထွင်းကြ

ဒါမှ ဗုံသံလှမှာလေ ……


တင်းတင်းကြက်ထားတဲ့

သားရည်မျက်နှာပြင်

လက်ဆစ်တွေ ရောင်ရမ်းသွားအောင်

မြင်းရိုင်းလို ပြေးလွှား ကဆုန်ပေါက်

အဆက်မပြတ် ရိုက်ပုတ်။


နီစွေး ဆေးရေး သစ်စည်

အရိုင်းဆန် ပွက်ပွက်ဆူ ချယ်သ

မျိုးနွယ်စု လွတ်လပ်တေး

တုန်ဟီး မြေ

ခြေဗလာနဲ့ကခုန် ကန်ကျောက်

မြွေဆိုးနတ် ဆန့်တန်းလက် ခါရမ်း။


ငါ့တို့ ဗုံသံ

သတင်းအချက် ပါတယ်

အဖြစ်အပျက် ပါတယ်။


မျိုးနွယ်စု ငါတို့ စောင့်ရှောက်

မင်းဟာ ငါတို့ပဲ

ငါတို့ဟာ မင်းပဲ ဆာဗားနား

ငါတို့ တရွာတည်းသားတွေ။

မင်းဟိန်း

By kaungphyo

I am a human being because I have a dream.

Leave a comment