မျက်လှည့်ပြတဲ့ ဆရာကြီး ဦးသောင်းနိုင်

The Magician

“ဆရာကြီးလာပြီ မျက်လှည့်ပြတော့မည်”

ကလေးတွေဝိုင်းအော်နေကြတော့ ယမနေသား သင်ပုန်းကြီး ဗြန်းဗြန်းမြည်အောင် ၀ါးခြမ်းပြားနဲ့ရိုက်တဲ့ အသံ ထွက်လာတယ်။

(လွမ်းစရာ အဲဒီကျောင်းဆောင်လေးက အခုမရှိတော့ ပါဘူး။ ကျောင်းဝန်းထဲ ၀င်ဝင်ခြင်းတွေ့ရတဲ့ အဆောင်လေးပါ။ ကျောင်းအ၀င်ညာဘက် ဦးညီလေး၊ ဦးပိန်တို့နေတဲ့အဆောင် ရှိတယ်။ လှေကားသုံးလေးထစ်အမြင့် ပျဉ်ကြမ်းခင်းပျဉ်ကာ ရေနံဝနေတဲ့အဆောင်လေး။ ရှေ့မှာ ဦးညီလေးရဲ့ ရေစည်လှည်း နဲ့ နွားနှစ်ကောင်ရှိတယ်။ ကောက်ရိုး မြက်ဖြတ်စင်ရှိတယ်။)

“ဟေ့ကောင်တွေ တော်ကြစမ်း၊ တိတ်ကြစမ်း”

အသံက မာမာထန်ထန်ပေမယ့် မျက်နှာကပြုံးဖြီးဖြီး။

ဆရာ့ပုံသဏ္ဍာန်က ပါးပါးလှပ်လှပ်။ အသား မည်းမည်း။ မျက်နှာချောင်ချောင်။ ဘယ်အချိန်က ဘယ် သူစခေါ်ခဲ့လဲ မသိဘူး အားလုံးက ကုလားဆရာကြီး လို့ ခေါ်တယ်။ ဆရာကြီး ဦးပိန်လို့လဲခေါ်တယ်။ ဆရာ့နာမည် ဦးသောင်းနိုင်။

“ဆရာကြီးလာပြီ .. မျက်လှည့်ပြတော့မည်”

“ဆရာကြီးလာပြီ .. မျက်လှည့်ပြတော့မည်”

“ဆရာကြီးလာပြီ .. မျက်လှည့်ပြတော့မည်”

ကျွတ်ကျဲနေတဲ့ ၀ါးထရံပြဲကြားက ကလေးတွေရဲ့ ၀မ်းသာအားရအော်သံ။ `မည်´နဲ့ အဆုံးသတ်တော့ သံ ပြိုင်ညီညာ စာဆိုနေသလိုလို။ ဖုန်အလိမ်းလိမ်းထ မြေ စိုက်စာသင်ခန်းလေး။ ကျောင်းရှေ့မျက်နှာစာတလျောက် ဖြတ်သန်းသွားတဲ့ လှည်းလမ်းကြောင်းက သံလှည်းဘီး ရာ ချိုင့်ခွက်တွေထလို့။

ပိစိကွေးတွေ ဆူညံပွက်လောရိုက်နေတော့ဆေး အနက်သုတ်ထားတဲ့ ယမနေသားသင်ပုန်းကြီးကို ၀ါခြမ်း ပြားနဲ့ သုံးလေးချက်ပုတ်လိုက်တယ်။ ဆူသံညံသံ ခဏ ငြိမ်သွားတယ်။ စာသင်ဖို့ သင်ပုန်းစဖျက်တယ်ဆိုရင်ပဲ မျက်လှည့်ပြတော့မည်…ဆိုတဲ့အော်သံတွေ ပွက်ပွက်ဆူ၊ ကြွက်ကြွက်ညံလာပြန်တယ်။ သုံးလေးခွန်းနဲ့မရပ် ဆက် အော်နေကြတော့ ….

“ဟေ့ကောင်တွေ … တော်ကြစမ်း၊ ရပ်ကြစမ်း´´

သင်ပုန်းကြီး တဗြန်းဗြန်းမြည်အောင် ထပ်ပုတ် လိုက်ရပြန်တယ်။ ဆရာကြီးအသံက ထန်ထန်ဆတ် ဆတ်ပေမယ့် ကလေးတွေ အကြောက်အလန့်မရှိ။ ကြွက် စီပွက်စီ လုပ်ချင်တုန်း။ ဒီအလှုပ်အရွလေးတွေ မသိချင် ယောင်ဆောင်ပြီး ဆရာကြီးပိန် သင်ပုန်းအလယ်မှာ `၀လုံး´ ကြီးကြီးတစ်လုံး ၀ိုင်းချလိုက်တယ်။

“၀လုံး”

တစ်ယောက်မကျန် စာအံတဲ့အသံ။ အမိဝမ်းက အထွက် `အူဝဲ´ အော်ခဲ့ကြတာရယ်၊ သူငယ်တန်းအတက် `၀လုံး´ လို့ ကြုံးကြုံးပြီး အော်နေကြတာရယ် လူသားရဲ့ အစကနဦး အားမာန်တွေလို့ မြင်လိုက်မိပါတယ်။

ကျောင်းတက်စနေ့တွေမို့ နှပ်ထွက်အောင် ငိုကြ လွန်းလို့ မနက်စောစော အမေလိမ်းပေးလိုက်တဲ့ သနပ် ခါး ထူပြစ်ပြစ်မှာ နှပ်နဲ့မျက်ရည်တွေ။ သူရို့လက်ဖနောင့် သေးသေးလေးတွေနဲ့ ဗုံပတ်စာနယ်သလို နယ်ကြတော့ မည်းချိတ်ပေတူး။ ကြက်သားအုပ်မကြီး တောင်ပံအပြင် ရောက် ကြက်ပေါက်စလေးတွေလို တစာစာအော်ရင်း ခိုကိုးရာမဲ့။ အခုတော့ ဆရာကြီးပိန်ရဲ့ မျက်လှည့်ခန်းမှာ အနာဂတ်ရဲ့ ထူးချွန်ပြောင်မြောက်မယ့် ကျောက်ကောင်း လေးတွေ ရယ်မောပျော်ရွှင် တလက်လက်တောက်ပ။

သင်ပုန်းပေါ်က ၀လုံးကြီးအောက်ခြေ အ၀တ်စ မည်းကြီးနဲ့ အသာတွန်းဖယ်ဖျက်လိုက်တယ်။ ဟော ကြည့်။ ဆရာကြီးပိန် နောက်ဗျည်းတစ်လုံး တက်လိုက် ပြန်ပြီ။

“ဂငယ်”…..

ဒါကိုပဲ ကလေးတွေက မျက်လှည့်ပြတယ် ပြော တာ။ ဆရာကြီးပိန် ကလေးတွေကို စာသင်မယ် မပြော ဘူး။ ဒီလောက်ငိုယိုနေကြတာ စာသင်မယ်ပြောရင် ဘယ်အငိုတိတ်မလဲ။ ဟေ့ ငိုနေတဲ့ကောင်တွေ အငို ရပ်ကြ။ ဒီနေ့ မျက်လှည့်ပြမယ် လုပ်လိုက်တော့တာပေါ့။ သင်ပုန်းမည်းကြီးပေါ်က ဂငယ်ကို မြေဖြူနဲ့ပြန်ဆက်။ နောက်တစ်မျိုး ဖျက်ပြလိုက်ပြန်တယ်။

“ငငယ်” …..

မည်းမည်းခြောက်ခြောက်မျက်နှာ၊ ချိုင့်ခွက်နေ တဲ့ မျက်တွင်းနက်ထဲက မျက်လုံးပြူးကြီး ၀င်းကနဲဖြစ် သွားပြီး ….

“ဟေ့၊ `င´ဆိုတာ တစ်သံတည်း။ မှတ်ထားစမ်း။

လိုက်ဆို … င “

“င” …….

တက်တက်ကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင်အော်သံတွေ စီညံနေဆဲ။ `င´ကို ပြန်ဆက်ပြီး အပေါ်ဘက်ကို ဖျက်ပြ လိုက် တယ်။

“ပ”

ဗြန်း …ဗြန်း ….ဗြန်း ….

“ပစောက်” …..

သင်ပုန်းကြီးပေါ် ၀ါးခြမ်းပြား တဗြန်းဗြန်းရိုက်သံ အဆုံး ကလေးတွေ နောက်တစ်ကြိမ် ထပ်ဆိုတယ်။ စာ သင်ခန်းအကာ ၀ါးထရံတင်မဟုတ်ဘူး၊ အမိုးဝါးကပ်တွေ ပါ လန်သွားအောင် အော်ဟစ်နေကြတာ။ ဆိုကြစမ်း၊ အော်ကြစမ်း။ သစ်သားသင်ပုန်းကြီး ဗြန်းဗြန်းမြည်လို့။ မြေဖြူမှုန်တွေ တဖွားဖွားလွင့်လို့။ ဗွမ်းကနဲ ဂေါ်နဲ့ပက် တင်လိုက်တဲ့ မြေစာထဲက ကျောက်ကောင်းလေးတွေ၊ အရောင်လက်လက်လေးတွေ ငေးကြည့်ရင်း ဆရာကြီး ပိန်လည်း သွားကျိုးတွေပေါ်အောင် တဟဲဟဲရယ်လို့။ ဟစ်ဟော့ပ်ဂီတစင်မြင့်ပေါ်က လူငယ်ဂီတသမားလေးလို မြူးကြွစိတ်အဟုန်နဲ့။

+ + + + +

“ဆရာကြီးလာပြီ ..”

“ဆရာကြီးလာပြီ ..”

“ဆရာကြီးလာပြီ ..”

ဘာဆရာကြီးမှန်းတော့မသိပေမယ့် ဆရာကြီးပါ ပဲ။ အားလုံးက ကိုယ်လေးရို့ပြီး နေရာထိုင်ခင်းပေးကြ တယ်။

“ကဲကဲ မဲစနှိုက်တော့ …”

စင်မြင့်ပေါ်မှာ ကလေးတွေက မဲပုံးထဲက စက္ကူ အလိပ်လေးတွေ နှိုက်ပေးတယ်။

မိုးစိုပြီးနေထိတဲ့ ပဲစဉ်းငုံရိုးခြောက်လို ပိန်လှီမည်း ခြောက် အစက်အပြောက်တွေထနေတဲ့ ဆရာကြီးပိန် လည်း မဲတန်းစီတဲ့အထဲပါတယ်။ ရပ်ကွက်သူရပ်ကွက် သားတွေနဲ့ ထိုင်စရာမရှိ ရပ်စရာမရှိ။ နေပူထဲရပ်နေရင်း ခါးလည်ထက်ပိုင်း ကျိုးကျလုမတတ် နွမ်းဝေမူးနောက်။ အသက်ရှူမ၀နိုင်ဖြစ်နေတာမို့ ကံထူးရှင်ကြေညာသံကြား ရအောင် ရှေ့ဘက်နားတိုးသွားဖို့သာ ကြိုးစားမိပါတယ်။ အစိုးရမင်းများ သနားတော်မူတဲ့ ၁၅၀၀ တန် ဆင်းမ်ကဒ် မဲနှိုက်ပါတယ်။ သုံးလေးကြိမ်ရှိပေမယ့် မပေါက်သေး ဘူး။ တော်တော်ညံ့တဲ့ကိုယ့်ကံကို စိတ်တိုလို့ မင်းတို့ ပေး မပေါက်မခြင်း လာနှိုက်နေမယ်ကွ …. စိတ်ထဲမှာ ကြုံးဝါး ထားလိုက်ပါတယ်။

ကြောက်တတ်တဲ့ မဒမ်ပိန်ကတော့ “တော်ကလဲ တယ်လီနောတို့ အော်ရီဒူးတို့ရောက်လာမှ ကျုပ်တို့ မိသားစုလိုက် ဖုန်းကိုင်ကြတာပေါ့၊ ပြည်ပအားကိုး ပုဆိန် ရိုးလို့ဆိုလဲ တတ်နိုင်ဘူးတော်ရေ …” ဆိုတာလဲ နားမ၀င် တော့ပါဘူး။ တစ်ပတ်ပေါက်နိုးနိုးနဲ့ သွားနေလိုက်ရတာ စင်အောက်ကမပေါက်ပဲ စင်နောက်ကပေါက်နေသလား အောက်မေ့ရတယ်။

ကျုပ်တို့က မဲစနစ်နဲ့ ငယ်ပေါင်းကြီးဖော်နေလာ ကြတာဆိုတော့ အသားကျလာပါပြီ။ ပပက၊ သမ၀ါယမ ဆိုင်တွေက ကောင်းပေ့ပစ္စည်းဆို မဲနှိုက်ရတာပါပဲ။ ဖောက်တော့လည်း ဥက္ကဌ၊ ပေါက်တော့လည်း ဥက္ကဌ။ ဒါကို အမှတ်မရှိတဲ့ကျုပ်က မျှော်ကိုးနေသေးတာ။ မဒမ် ပိန်ပြောတာရှိသေးတယ် –

“ဆင်းမ်ကဒ်နှိုက်မနေနဲ့တော်ရေ

ဥက္ကဌမဲသာ ရအောင်နှိုက်” …. တဲ့။

အိမ်ရှေ့ကပြင် ခွေခွေလေးလှဲအိပ်နေတဲ့ ဆရာ ကြီးပိန်ကို ကြပ်ခိုးမှိုင်းမှောင်နေတဲ့ မီးဖိုဆောင်ထဲ ထမင်း ရည်ခံနေတဲ့ မဒမ်ပိန်က စိတ်မသက်မသာဖြစ်ပြီး –

“မနက်ြဖန်ကြ ကျုပ်နားကပ်လေးရယ်၊ ကလေးလက်စွပ် လေးရယ် သွားရောင်းလိုက်မယ်တော်။ တော်ဒီလောက် ဖုန်းကိုင်ချင်နေရင်လဲ တစ်သိန်းခုနှစ်သောင်းပေးပြီး အ ပြင်က ချက်ခြင်းဝယ်လိုက်။ မိုးပေါ်ကပြုတ်ကျလာမယ့် တော့်ဖုန်းကဒ် စောင့်မနေနဲ့”

“ဟန်းဆက်ဝယ်ဖို့ရော ပိုပါ့မလားဟာ”

“ဟိုက ဒီက၊ ခဏလှည့်ရမှာပေါ့။ ရော့ရော့၊ အားပြည့် သွားအောင် ထမင်းရည်ပူပူလေး မှုတ်သောက်လိုက်ဦး”

“အေးပါဟာ”

ကလေးငယ်တွေကို မျက်လှည့်ပြကျွမ်းကျင်ခဲ့တဲ့ ဆရာကြီးပိန်၊ မဒမ်ပိန်လိုတော့ လက်လှည့်မကျွမ်းကျင် ပါဘူး။ စိုထိုင်းနေတဲ့ ၀န်းကျင်ရဲ့အနံ့အသက် ပင့်သက်နဲ့ ငေးမော။ အေးပါဟာ လေသံပြော့လေးလည်း ညနေခင်း ရဲ့ ချဉ်စူးစူးလေထုထဲ စူးဝင်နစ်မြုပ်။

မနက်ဖြန် တယ်လီဖုန်းလေး ကိုင်ရမယ့်အရေး ၀ိုးတ၀ါးနိုင်လွန်းလှတဲ့မြင်ကွင်း ဆ၀ါးဝါး ငေးကြည့်ရင်း ဆရာကြီးပိန်ဆိုတဲ့ အားကုန်သွားတဲ့ ဓာတ်ခဲတစ်ခဲ။ အလင်းတွေ မဖြန့်ကြဲပက်နိုင်တော့အချိန် ကုန်စိမ်းဘန်း ထဲ ဖင်ပိန်ခါးချိုင့် အလေးဓာတ်ခဲတစ်ခဲ ဖြစ်သွားခဲ့ပါပြီ။ မဒမ်ပိန်သာ နှုတ်ပြန်ပက်တတ်တဲ့အလေ့ရှိခဲ့ရင် ဒီလိုများ လားမသိ။

“အို …တော်တို့က ကလေးငယ်ငယ်တွေကို မျက်လှည့်ပြ နည်းကအစ သင်ပေးလိုက်တာကိုး”

အားရာရား (မင်းဟိန်း)

ကျွန်တော့်သူငယ်တန်းဆရာ၊ ကံ့ကူလက်လှည့် မျက်လှည့်ဆရာ

ဦးသောင်းနိုင် @ ကုလားဆရာကြီး @ ဆရာကြီးဦးပိန် (အထက၊ မလှိုင်) အတွက် အမှတ်တရ ရေးဖွဲ့ပါသည်။

~ by kaungphyo on October 11, 2013.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: