စကားအွန်လိုင်း

Idea Magazine
Issue : June 2004, Page-157
Editor : Chan Minn Ein
Illustrator : Saw Minn Wai
ကတီတီတီ … တီ၊ ကတီတီတီ …..
“ဟဲလို… အခုစကားပြောနေတာ ဘယ်သူပါလဲ”
“သမီးတို့နဲ့ စကားအွန်လိုင်းအစီအစဉ်ကနေ လက်ခံစကားပြောဖို့ အလှကျလာတဲ့ ဆရာကြီး ဂုရုပွေးပါ”
“ဟယ် … ပွေးပွေးကိုယ်တိုင်လား။ ၀မ်းသာလိုက်တာ။ မီးတို့က ပွေးနဲ့အခုလို အရှင်လတ်လတ်ကြီး စကားပြောချင်နေ တာ ကြာပေါ့”
ဂလု ..။ တစ်ဖက်မှ တံတွေးမျိုချသံ မကြားမိစေရန် စကားပြောခွက် လက်နှင့်အုပ်ကာ ထားလိုက်ရ၏။
“ကဲ၊ ဘာပြောမလဲ …ပြောလေ။ ကြက်အရှင်တွေ ခြင်းထဲထည့်ရောင်းတဲ့ ကြက်သားဆိုင်လို သဘောထား။ အားရပါးရ ပြောပေတော့”
“ပွေးပွေးရေးတဲ့ သရော်တော်တော်တွေ မီးတို့အဖွဲ့သိပ်ခိုက်။ ဟိုလေ … `ခုံဖိနပ် ရှပ်တိုက်စီး … လိုင်းကားစီး အဆဲခံ… စပယ်ရာမှန်သမျှ ကျန်းမာကြပါစေ`ဆိုတဲ့ လုံးချင်းဝတ္ထုရှည်ကြီးဆို မီးတို့သိပ်ကြိုက်”
“ဟုတ်ပါလိမ့်မယ်။ အဲဒီဝတ္ထုရေးဖို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာပါတယ်။ တစ်နေ့ကို ဘတ်စ်ကား အသွားအပြန်ခေါက် ရေ နှစ်ဆယ်ကျော်စီးပြီး အတွေ့အကြုံရှာဖွေပါတယ်။ ဘတ်စ်တိုးစီးရလို့ တစ်လအတွင်း ဖိနပ်သုံးရံ ပြတ်ပါတယ်”
“ဟယ် … ဒါဆို ပွေးက သက်သက်မဲ့ ဘတ်စ်တိုးစီးနေရတာပေါ့”
“အဲသလိုတော့လည်း ဟုတ်ပါဘူး။ အသက်ကြီးမှ အိမ်ထောင်ကျတာဆိုတော့ မူလတန်းအရွယ်ကလေးနှစ်ယောက် ကျောင်းပို့ကျောင်းကြိုက နှစ်ခေါက်။ ထမင်းဘူးပို့ချိန် တစ်ခေါက်။ မုန့်စားဆင်းချိန် တစ်ခေါက်။ ကျူရှင်လိုက်ပို့တာ တစ်ခေါက်။ ကျူရှင်ပြန်ကြိုတာ တစ်ခေါက်။ ကလေးတွေ အိမ်ပြန်ရောက်တော့ ရောက်တတ်ရာရာ သူငယ်ချင်းတွေဆီ တစ်ခေါက် …”
“ပြီးတော့ရော …”
“မီတာဆောင်စရာရှိရင် တစ်ခေါက်။ မဒမ်ဈေးဝယ်သွား ဆားထုပ်မေ့ကျန်လို့ တစ်ခေါက်။ နောက်ပြီး …”
“ဟင်းဟင်း … တော်ပါတော့။ တော်တော်ကရိကထများတဲ့ ပွေးပဲ”
“ဟင်း ဟင်း …ဟဲဟဲ။ ညှင်းညှင်း …၀ဲဝဲ”
“ဒါဆိုဒါပဲနော် …သုံးမိနစ်အချိန် စေ့သွားပြီလား။ နောက်လူတွေ အလှည့်ပေးလိုက်ဦးမယ်။ တာ့တာ”
“ဘိုင့်ဘိုင်”
ဂလွပ် …..
x x x x x
ကတီတီတီ ..တီ . ကတီတီတီ …ရွှီ …ရှဲရှဲ၊ ဖလပ် ဖလပ်။
“ဟဲ့ ဘယ်ကငှက်တွေ အိပ်တန်းဆင်းကုန်ကြသလဲ”
တစ်ဖက်မှ ကုန်းတက်အင်ဂျင်ညှစ်နေသည့် ဒေါ့ဂျစ်ခေါင်းတိုသံစူးစူးလေး ထွက်လာသည်။
“ပွေးလေး စကားပြောနေတာလား။ အဖွား လှိုင်သာယာက ဖုန်းဆက်နေတာ။ မိုးတွင်းဆိုတော့ လိုင်းတွေသိပ်မကောင်း ဘူး။ ဖြစ်နိုင်ရင် နည်းနည်းကျယ်ကျယ်လေး ပြန်ပြောပေးပါလား”
အမလေး၊ သောတရှင်အပေါင်းတို့ရေ… ခပ်ဝေးဝေးကသာ နားထောင်ပေရော့။
“ဟုတ်ကဲ့အဘွားရေ။ မီဂါပါဝါနဲ့ အော်ပြောနေပါတယ်။ ဒီက အစီအစဉ်ပြီးရင် အီးအမ်ဂျီမှာ ရော့ခ်အတွဲတစ်ခွေ သွားဆို မှာဆိုတော့ အံကိုက်ပဲ အဘွားရေ”
“ဟို၊ ပွေးလေးရေးတဲ့ လှိုင်သာယာ မတုတ်ကြီး ၀တ္ထုရှည်အကြောင်း သိချင်လို့”
“ဟုတ်တယ် အဘွားရေ။ မီးခွက်ဈေးမှာ ဘိန်းမုန့်သွားရောင်းတုန်းက အတွေ့အကြုံတွေပါ”
“ဟယ် … ဒါနဲ့များ ကြုံတုန်း အဘွားတို့အိမ်ဘက်များ လှည့်ဝင်ခဲ့ပါတော့”
“အဲဒီတုန်းက အဘွားနဲ့ကျွန်တော် မသိသေးဘူးလေ။ အခုမှ အဘွားနဲ့ သိနေတာ”
“ဘွာတေး … ဘွာတေး။ အဘွားသူငယ်ပြန်ချင်နေပြီလား သိပါဘူးကွယ်”
“အွန်လိုင်းဖုန်းကို သူများတွေနဲ့အပြိုင် ခေါ်နိုင်သေးတာ။ အကောင်းကြီးရှိပါသေးတယ် အဘွားရဲ့”
“သာဓုပါတော် …၊ သာဓုပါ … သာဓု”
x x x x x
ကတီတီတီ ..တီ . ကတီတီတီ …တီ
“ဆရာပွေး စကားပြောနေပါတယ်”
“ဦးပွေးလား မီးတို့ဆက်နေတာကြာပြီ”
“ဟုတ်တယ် ဟုတ်လိမ့်မယ်”
“ဒါနဲ့ …မီးက ဘယ်နှယောက်မြောက်လဲဟင်”
“အဲဒီမေးခွန်းကြီးမေးမယ့်အစား တခြားမေးပါဟယ်။ ကြားရတာ အူယားလွန်းလို့”
“ကြည့်စမ်း၊ အသားယူနေပြန်ပြီ။ တော်ပြီ ပြောချင်တော့ဘူး”
ဂလွပ် …ဒုန်း …
ဂလွပ်သည် ဖုန်းဆောင့်ချလိုက်သံဖြစ်ပြီး။ ဒုန်းသည် မီးတို့အိမ်မှ ဖုန်းတင်ထားသည့်ခုံ သို့မဟုတ် အနီးအနားရှိ စားပွဲ တစ်လုံးကို ကန်ထည့်လိုက်ခြင်း ဖြစ်ပေလိမ့်။
x x x x x
ကတီတီတီ ..တီ . ကတီတီတီ …တီ
ဒီတစ်ခါတော့ အပေါမမှားအောင် သတိထားရပေမည်။
“ဟုတ်ကဲ့ အမိန့်ရှိပါ”
“ရေနဲ့မိလ္လာဌာနကပါလားရှင်”
ဖွတ်ကရီး …. သေလိုက်ဟ။
x x x x x
ကတီတီတီ ..တီ . ကတီတီတီ …တီ
“စာရေးဆရာ ဦးပွေးနဲ့ စကားပြောချင်လို့ပါ”
“ဟုတ်ကဲ့ ကျွန်တော်ပြောနေပါတယ်”
…. ……….. …………
“ပြောလေ။ ဘာပြောမလဲ … ပြော”
“အင်း … ခေါ်သာခေါ်လိုက်ရတယ်။ ဘာပြောရမှန်းမသိတော့ဘူး”
“စိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ။ ကိုယ်သိချင်တာ၊ မေးချင်တာလေးတွေ စာရွက်ပေါ် ကြိုတင်ရေးချထားသင့်တယ်”
“ဟုတ်တယ် … ဟုတ်တယ်။ ဒါပေမဲ့ နောက်တစ်ခါ ထပ်ဆက်ဖို့ မလွယ်ဘူး”
“ဒီလိုလုပ်လေ။ ဆရာရေးထားတဲ့ ၀တ္ထုတိုရှည်တွေထဲက ဘယ်ဟာကြိုက်တယ်။ ဘယ်ဟာမကြိုက်ဘူး ဝေဖန်ပေးပေါ့။ စာဖတ်သူရဲ့အသံ ကြားရတာလောက် ကောင်းတဲ့ဝေဖန်ရေး မရှိသေးဘူး ထင်ပါတယ်။ ကဲ၊ ဆရာ့ရဲ့ ဘယ်ဝတ္ထု ဖတ်ဖူးသလဲ”
“အဲသလိုတော့လည်း တစ်အုပ်မှ မဖတ်ဖူးသေးပါဘူး။ ဟို .. ဖတ်ထားဖူးတဲ့ သူငယ်ချင်းက ဇာတ်လမ်းလေးတွေ ပြောပြတာတော့ နားထောင်ဖူးပါတယ်။ နာမည်လဲကြားဖူးလို့ ဖုန်းဆက်ကြည့်တာပါ။ အဲဒီထဲမှာ အားရာရားဆိုတဲ့ ဇာတ်ကောင် လေးက အတော်ရယ်ရတယ်။ အဲဒါ ဆရာကြီးကိုယ်တိုင်လား”
“စာရေးဆရာဆိုတာ ဇာတ်ရုပ်တစ်ရုပ်ရဖို့ တစ်ခါတစ်လေ တရုတ်ဆေးကျိုရသလိုပါ။ အမယ်အတော်စုံပါတယ်”
“ဆရာ့ဓာတ်ပုံ မဂ္ဂဇင်းမှာ ဖော်ပြပေးပါလားဟင်”
“ရပါတယ်။ သမီး ဘယ်မဂ္ဂဇင်းအဖတ်များလဲ။ အဲဒီမှာ သမီးနဲ့တကွ ဆရာ့စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးပါ့ မယ်”
“ဓမ္မဗျူဟာ”
ဂွပ် ….
ဒီတစ်ခါ ဆရာပွေးလက်ထဲမှ ဆတ်ခနဲ ဖုန်းလွတ်ကျသွားခြင်းဖြစ်သည်။
x x x x x
ကတီတီတီ ..တီ . ကတီတီတီ …တီ
“ဆရာလား”
“ဟုတ်ပါတယ်ခင်ဗျာ။ အခုဆက်နေတာ ဘယ်သူလဲ။ နာမည်လေး ပြောပြပါဦး”
“ဆက်နေတာကြာပြီ၊ အခုမှ ခေါ်လို့ရတယ်။ မာမီကတောင် ပြောနေတာ။ ထမင်းပွဲကြီးတန်းလန်းနဲ့ တော်တော်ကြွနေ တယ်တဲ့။ ဆရာရယ် တာဝန်ရှိသူတွေကို ပြောပြလိုက်ပါ။ ထမင်းစားချိန်ကြီး မစီစဉ်ပါနဲ့လို့”
“ဟုတ်ကဲ့။ ပြောလိုက်ပါမယ့် ခင်ဗျာ”
“ဆရာရယ် … နွယ်လေ `ဗွေးဒုတ်၊ ဆွာမိ၊ ကိုကျင်ဟိ`ဆိုတဲ့ သုံးပွင့်ဆိုင် အချစ်ဟာသဇာတ်မြူးလေးကစပြီး အားပေး လာခဲ့တာ။ ဆရာ အခုလို အောင်မြင်ကျော်ကြားတဲ့ ဟာသဆိုင်ရာအကယ်ဒမီဆုကြီးသုံးဆု ဆက်တိုက်ရခဲ့တဲ့အထိပဲ”
“စာပေကို မပြတ်လပ်တဲ့အတွက်လည်း လေးစားပါတယ် ခင်ဗျာ”
“ဆရာ တစ်ခါကရေးခဲ့တဲ့ `သေရည်သောက်သောသူ သေတင်းကုတ်သို့ သွား၏`ဆိုတဲ့ အဘိဓမ္မာဝတ္ထုရှည်ကြီးထဲက မြနန်းဒေ၀ီ ဟော်တယ်အိမ်ကြီးက တရုတ်တန်းဘက်မှာ မြင်ဘူးသလိုလိုပဲနော်”
“ဆရာ စာရေးရင် အတ္ထုပ္ပတ္တိစာပေမဟုတ်တဲ့အတွက် ဇာတ်ရုပ်ဇာတ်ကောင်နဲ့ နောက်ခံပတ်ဝန်းကျင်အားလုံး စိတ်ကူး နဲ့ ဖန်တီးပါတယ်”
“ကျေးဇူးပဲ ဆရာရယ်။ ဆရာ အခုဘာတွေ ရေးသားဖန်တီးနေပါသလဲ။ နွယ် သိခွင့်ရှိရင် သိပါရစေ”
“ဟုတ်ကဲ့၊ ဒီလကုန် ဥရောပဘက် ခရီးထွက်စရာရှိနေပါတယ်။ အဲဒီမှာ ခရီးသွားရင်း တစ်ခုခု ရေးဖြစ်ရင် ရေးဖြစ်မယ်။ ဒါမှမဟုတ် ပြန်လာမှ ရလာတဲ့အတွေ့အကြုံတွေစုပေါင်းပြီး လုံးချင်းတစ်အုပ်။ ခရီးသွားမှတ်တမ်းတစ်အုပ်။ အနည်းဆုံး နှစ်အုပ် သုံးအုပ်လောက်တော့ ရေးဖြစ်ပါလိမ့်မယ်”
“၀မ်းသာပါတယ် ဆရာ။ ဒါပဲနော် … ပါရီရောက်ရင် နွယ်ဖို့ အီဖယ်လ်မျှော်စင်လေး လက်ဆောင်ဝယ်ခဲ့ဖို့ မမေ့နဲ့”
x x x x x
ကလင်လင်… တင်. .. ကလင်လင် … လင်….
`ဒုန်း`
`ပဲပြုတ် …. ပဲပြုတ်`
လေးနာရီနှိုးစက်သံနဲ့အတူ အိပ်ရာမှကမန်းကတန်းအထ မိုးရေခံဒန်ဇလုံကြီး ၀င်တိုက်မိခြင်း ဖြစ်လေသည်။
“တော့်မလဲတော်။ အမြဲတန်း ပျာရီးပျာယာနဲ့၊ အငယ်ကောင်လေး ညကဖျားလို့ ကောင်းကောင်းအိပ်ရသေးတာ ဟုတ် ဘူး။ လန့်နိုးသွားပါ့မယ်တော်”
“အေးပါဟာ။ ငါလဲ ဘတ်စ်ကား တစ်နာရီကျော်ကျော် စီးရမှာဆိုတော့ လောနေလို့ပါကွာ”
“လောမနေနဲ့တော်ရေ၊ မြို့ထဲရောက်တုန်း မဂ္ဂဇင်းမှာ စာမူပါလားမေးပြီး ပိုက်ဆံထုတ်ခဲ့ဦး။ တလက်စထဲ စာအုပ်ပါ တစ်ခါထဲရောင်းခဲ့။ အိမ်ယူလာပြီး ဇိမ်ခံဖတ်မနေချင်နဲ့ဦး”
“ရှူး .. တိုး ..တိုး။ နင်ကလည်း စာဖတ်သူတွေ ကြားသွားပါဦးမယ်ဟာ”
“ကြားလဲ တတ်နိုင်ဘူးတော်ရေ့။ ရှင်ပြန်လာမှ ဆန်ဝယ်ရမှာ။ သွက်သွက်သာ ပြန်ခဲ့။ ညနေထိ အချိန်ဆွဲပြီး အရည် တွေ မျိုဆို့မနေနဲ့ဦး”
“တယ် … ဒီမိန်းမ၊ ငါလုပ်လိုက်လို့။ အိပ်မက်လေး အရသာပျက်သွားမှာ စိုးလို့ပေါ့ကွာ …. တောက် …”

အားရာရား

~ by kaungphyo on September 10, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: