ကြောင်ကြီးရယ် မြီးတံတို

Faces Magazine
Issue : No. 34, May 2004, Page- 145
Editor : Too Too Myint Thein
Illustrator : Thiha (Sakhanthit)

“ဟေ့ … ခြင်းဆွဲ”
ဝမ်းအလွန်သွားချင်နေ၍ သုတ်သီးသုတ်ပြာ လျှောက်လာရစဉ် ခါးဆစ်ဆီမှ တရှိန်းရှိန်း ပူဆင်းလာလိုက်၊ ဖြန်းခနဲ အေးစက် ကြက်သီးမွှေးညင်းထသွားလိုက်။ ခါးဆစ်ရိုးတစ်ချောင်းလုံး လေထဲမြောက်တက်သွားလေမလား ထင်မှတ်ရလောက် အောင် ဆန့်ထွက်တွန့်လိမ်။ မအီမသာဆိုပေမယ့် အတော်ခံစားလို့ကောင်းသည့် ဖီလင်မျိုး ပယ်ပယ်နယ်နယ်ကြီးခံစားလိုက်ရသူ မှာ အောင်ကျော်ထွန်း ဖြစ်ပါသည်။
“တောက် ..”
ကိုကျော်ထူး …. ဒီသေနာကြီး၊ ဆုံမှဆုံတတ်ပလေတယ်။ အော်ကြီးဟစ်ကျယ်။
အောင်ကျော်ထွန်းက မျက်ကွင်းညိုညို၊ ပိန်၍ရှည်လျားသောအရပ်ကို ခါးကိုင်းပြီး လမ်းလျှောက်တတ်သူမို့ နို့ဆီဘူးမှ ကုလားမခြင်းဆွဲအရုပ်နှင့်တူသည်ဆိုကာ ကိုကျော်ထူးက နာမည်ပြောင်ပေးထားခြင်း ဖြစ်သည်။
“မင်းကြည့်ရတာ တစ်နေ့တစ်ခြား ရောဂါသည်လေးနဲ့ ပိုတူလာတယ်”
“ခင်ဗျားဗျာ၊ နိမိတ်မရှိ နမာမရှိ။ ကျွန်တော်က မင်္ဂလာဆောင်တော့မယ့်လူဗျ။ မင်္ဂလာရှိရှိ စကားတွေဆိုစမ်းပါ”
“ဟေ့ကောင်၊ ဒါဆို …မင်းကောင်မလေး သနားရင် အိတ်ခ်ျအိုင်ဗီပိုးလေး အလျင်စစ်ကြည့်ဦး။ လူမဖြစ်ဘဲ မျိုးကန်းနေ ဦးမယ်”
အနှီသူ၊ တွေ့ကရာရှစ်သောင်း၊ တုတ်တောင်းခဲတောင်း။ လက်ဝါးစောင်းမကျန် ရန်ရှာလေသောလူစွမ်းကောင်းကား၊ စုံစီနဖာ တီဗီကြော်ငြာ၊ အီစီကလီ ဗီစီဒီများ ရိုက်ကူးခံရခြင်း အလျဉ်းမရှိရှာသော မဇ္ဈိမကုန်းခေါင်ခေါင်၊ ဣစ္ဆာသယ လမ်းချောင် ကြို ချောင်ကြားမှ ကျောက်မြောင်းသားကြီး ဖြစ်တော့သည်။
“ဟာ …ရတယ်။ ကိုကျော်ထူး …စိမ်လိုက်။ ကိုယ့်ကိုယ် ယုံကြည်တယ်”
“ဟဲ့ကောင်လေး၊ ဒီရောဂါက အပြင်မှည့်ပြီး အတွင်းပုပ်တဲ့ ကျီးအာသီး။ မင်းကိုယ်မင်း ရွှေတောင်ကြီး ထင်ထားလို့ မရ ဘူး။ ရောဂါလက္ခဏာဆိုင်ရာတွေက လေးငါးနှစ်ကြာမှ ပေါ်လာတာ”
“ဒီမှာ … ကိုကျော်ထူး။ ကျွန်တော်က ဟိုတယ်ကျ မသုံးဘူး။ စည်းကမ်းရှိတယ်။ တစ်လင်တစ်မယား သွားသွားလာလာ ကိုယ့်ရည်းစား”
“အေးပါ။ ထားပါတော့။ မင်း… သွေးစစ်ကြည့်ဖို့ မပေါ့ဆနဲ့။ ဘာပဲဖြစ်ဖြစ် ကျွမ်းကျင်တိကျ၊ နီးစပ်မှန်ကန်။ မြန်မြန်ဆန် ဆန် ဆောင်ရွက်ပေးနေတဲ့ အဆင့်မနိမ့် ဓာတ်ခွဲခန်းတွေ အပြိုင်အဆိုင်ဖွင့်နေကြတဲ့အချိန်လေ”¬
ကိုယ့်ကို ဘယ်လောက်ပဲ စိတ်ရှင်းတယ်ဆိုဆို၊ တစ်ယောက်တစ်ယောက်က ဒါလေးလုပ်ကြည့်ပါလား ဆိုပြန်တော့။ ကိုကျော်ထူး ပါးစပ်သရမ်းတတ်မှန်းလည်းသိပေမယ့် အောင်ကျော်ထွန်းတစ်ယောက် ရန်ကုန်မြို့လည် နာမည်ကြီးဓာတ်ခွဲခန်း တေ နား ရစ်သီရစ်သီ။
+ + + + +

မြောက်ဒဂုံနယ်တရိုးကနေ ငမိုးရိပ်ကိုကျော်၊ ဥက္ကလာဖြတ်၊ ဆူးလေချဉ်းနင်း၊ ရွှေဘုံသာကို သတ္တိရှိရှိ ကျောခိုင်း၊ စူပါ မဟာ ဓာတ်ခွဲခန်းတွေရှိတဲ့ နယ်မြေသစ်မှာ ကိုလံဘတ်လို သံလိုက်အိမ်မြောင်မလို၊ မြို့ပြသားတွေလို တယ်လီဖုန်းလမ်းညွှန် စာအုပ်မလို၊ တဆင့်စကားတစ်ဆင့်နားနဲ့ အောင်ကျော်ထွန်းတစ်ယောက် အကောင်းဆုံးဓာတ်ခွဲခန်းကို အရောက်သွားခဲ့ပါသည်။ ဟုတ်တော့လည်း ဟုတ်ပေသပေါ့နော်။ စစ်ဆေးထားလိုက်တာ မမှားတန်ကောင်းပါဘူး။
အဲကွန်းတွေ စိမ့်နေအောင်ဖွင့်ထားပြီး၊ မှန်တံခါးများ အလုံပိတ်ထားသည့် ဓာတ်ခွဲခန်းကြီးအတွင်းသို့ အောင်ကျော်ထွန်း တစ်ယောက် ၀င်ရောက်သွားပါပြီ။ စိတ်ထဲမှာတော့ တွေးပြီးလန့်မိသည်။ သူ့မှာ ရောဂါပိုးရှိမည် တွေးကြောက်နေခြင်း မဟုတ်။ ဤမျှဤနှယ် ပိတ်လှောင်နေသည့် အခန်းငယ်လေးထဲ လူနာပေါင်းစုံတို့၏ရောဂါပိုးများ ပလူပျံများလို ၀ဲပျံနေလျင်ဖြင့် ဒုက္ခ ဟူ၍။ ကောင်တာတွင် ဘောက်ချာဖြတ်၊ ငွေသွင်းပြီးသည်နှင့် သွေးဖောက်ရန်အလှည့်ကျ စောင့်ရသည်။ သွေးဖောက်ပြီး ညနေရှစ်နာရီ အဖြေလာယူရန် ချိန်းဆိုလိုက်သည်။ အကယ်၍ လူကိုယ်တိုင် မလာနိုင်သေးလျှင် ဖုန်းဆက်မေးနိုင်ကြောင်း ပြောလိုက်သေး သည်။
ဒဂုံအပြန် ဘတ်စ်တွင် လေဒီဖတ်စ်၊ ဘေဘီဖတ်စ်၊ ဘဂ၀ါဖတ်စ်နှင့် ကျားကျားလျားလျား ထိုင်ခုံနေရာလုတတ်သူများ ကြားမှ မဟာကံထူးရှင် အောင်ကျော်ထွန်းတစ်ယောက် ပြတင်းပေါက်ဘေးထိုင်ခုံ ရခဲ့သည်။ ပြတင်းပေါက်ဘေးထိုင်ခဲ့ရသဖြင့် လေတအေးအေး ဒူးကွေးထိုင်ရင်း ဓာတ်ခွဲခန်းမှ ဆရာမလေးပြောလိုက်သည့် စကားသံများ ပြန်လည်ကြားယောင်နေမိသည်။
“အိတ်ခ်ျအိုင်ဗွီပိုးရှိရုံနဲ့ ရောဂါလက္ခဏာတွေ မပေါ်နိုင်သေးပါဘူး၊ အေ့ဒ်စ်အဆင့်ရောက်မှ ရောဂါလက္ခဏာ တွေ့နိုင်ပါ တယ်။ ပိုးကူးစက်နည်းတွေကတော့ အများသူငါသိပြီးသားတွေမို့ ထပ်ရှင်းမပြတော့ပါဘူး။ အေ့ဒ်စ်အဆင့် ရောက်ပြီဆိုရင်တော့ လနဲ့ချီပြီး နေ့စဉ်ရက်ဆက် အဖျားငွေ့ငွေ့ ဖျားနေတတ်ပါတယ်။ ပါးစောင်တွေမှာ ရေယုံ၊ မက်ခရု ပေါက်တတ်ပါတယ်။ အရေ ပြား အနှံ့ ယားနာတွေ ပေါက်လာပါတယ်။ ၀မ်းခဏခဏ သွားတတ်ပါတယ်။ ကိုယ်အလေးချိန် လျော့လာပါတယ်။ အဲဒီအချိန်မှာ တီဘီရောဂါပိုးလည်း ၀င်လာပါတယ်။ လေးငါးခြောက်နှစ်ကြာမှ အေ့ဒ်စ်အဆင့်ရောက်တာမို့ အိတ်ခ်ျအိုင်ဗွီပိုးရှိမရှိ ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးကြည့်မှ သိနိုင်ပါတယ်။ ကျန်တာ သိချင်တာတွေရှိသေးရင် ဆရာကြီးနဲ့ပြတဲ့အခါ မေးပါ…” တဲ့။
ညနေခင်းရောက်တော့ …
“ဟဲလို … အစ်မလား။ ကျွန်တော် ကိုအောင်ကျော်ထွန်းပါ။ အဖြေလိုချင်လို့ …”
“ဟွန့် … ဘာ အဖြေလဲ”
“ဟို …ဟို … ဆေးစစ်ချက်အဖြေ”
“အဲသလိုပြော… အထိတ်တလန့် မလုပ်ပါနဲ့”
“ဟုတ်ကဲ့ … ဟုတ်ကဲ့…”
“အဖြေက ရနေပြီ။ ရှင်ကိုယ်တိုင် လာယူလိုက်ပါ”
“ဟုတ်ကဲ့ … ဟုတ်ကဲ့ …၊ အဖြေရပြီပေါ့နော်”
“ဂုတ် …ဂလွပ် ..”
+ + + + +
စိတ်ပျက်လက်ပျက်နှင့် တုတ်ထိုးဆိုင်ရှေ့ ခုံပုလေးပေါ် ပစ်ထိုင်လိုက်ရင်း အူချိုတစ်ခုကို ငရုပ်ရည်နီနီကြီးထဲ အားစိုက် နှစ်ထည့်လိုက်ပြီးမှ မြိန်ယှက်စွာ စားလိုက်မိသည်။ ကြက်သွန်ဖြူ နှစ်မွှာကိုလည်း အခွံစင်အောင်မသင်ပဲ ပါးစပ်ထဲပစ်ထည့်လိုက် သည်။ ပြီးနောက် အသားများများသီတံတစ်ခုကို တုတ်ချောင်းတစ်ချောင်းခြင်းကိုင်မ၍ ရွေးချယ်နေမိ၏။ ဒါ နောက်ဆုံးအကြိမ်အ ဖြစ် တုတ်တိုးစားခြင်းလား။
ကိုကျော်ထူး သတိပေးတာ ကျေးဇူးတင်ရမည်လား။ မဦးမချွတ် ပြောထွက်ခဲ့သည်ကိုပဲ အပြစ်တင်ရမည်လား။ မဝေခွဲ နိုင်တော့ပြီ။ ဆေးစစ်ချက် အဖြေလွှာတွင် ဘီပိုး Positive ဖြစ်နေသည်။ အိတ်ခ်ျအိုင်ဗွီပိုး မတွေ့ပေမယ့် ဘီပိုးကလည်း နှစ်ကြာ လာလျှင် အသည်းကင်ဆာ၊ ဒါမှမဟုတ် အသည်းကြွပ်ရောဂါ ဖြစ်လာနိုင်သည်တဲ့။ ဘီပိုး သယ်ဆောင်ထားသူရဲ့ သွေး၊ သုတ်နဲ့ တခြား ခန္ဓာကိုယ်ရည်များမှတဆင့် အခြားသူများကို ကူးစက်နိုင်သည်တဲ့။ မျက်လုံးများ ပြာဝေသည်ထိ စိတ်လှုပ်ရှားခဲ့ရသည်။ ဝေးရပြီလား ဒေါင်းလေးရေ။ သုံးနှစ်သုံးမိုး ချစ်ခဲ့ပြီးမှ ဝေးရပြီလား။ ချွေးတို့စေးထန်း ခြေလှမ်းတို့ ယိမ်းထိုး ဘတ်စ်ကားပင် တိုးမ စီးချင်တော့သဖြင့် အငှားယာဉ်ငယ်တစ်စင်း လက်ပြတားလိုက်မိသည်မှ နှလုံးသွေးပင် တိုးချင်လာသလိုလို။
+ + + + +
“ခြင်းဆွဲ၊ ကောင်လေး စိတ်ညစ်နေပြီလား”
အလုပ်စားပွဲခြင်းကပ်လျက် အလုပ်လုပ်နေသည့် နဖူးပြောင်ပြောင်၊ ရုပ်ပြောင်ပြောင်နှင့် ကိုခင်ဇော်အောင်က အားပေး စကားဆိုရန် စကားစသည်။
“အေးပေါ့ဗျာ၊ကိုပြောင်ကြီးကလည်း။ ဘယ်မှာ စိတ်မညစ်ဘဲ နေမလဲ။ မင်္ဂလာခန်းဝင်ပစ္စည်းတချို့တောင် ၀ယ်ထားပြီး ပြီဆိုတော့”
“အေးကွ၊ ဒီလောက် အယုတ္တအနတ္တပြောတတ်တဲ့ ကျော်ထူး။ ဒီတစ်ခါ သိုက်သမိုင်းကားတွေ ဗီဒီယိုပြန်ရိုက်ရင် သူ့ကို ဥစ္စာစောင့်နေရာထား ရိုက်မယ်။ သနပ်ခါးဘဲကြားလူး မိတ်ကပ်ဖိုးလဲ မကုန်ဘူးလေ”
“အမလေး ကိုပြောင်ကြီးရယ် …၊ သိုက်မှာရှိတဲ့သူတွေ ဒီဘက်ပြေးလာလို့ ကျွန်တော်တို့ အခက်တွေ့နေပါဦးမယ်”
ကိုပြောင်ကြီး သွားကျိုးလေးတွေပေါ်အောင် တခစ်ခစ် ရယ်သည်။
“အေးကွ … ဒါလည်း ဟုတ်တာပဲ”
မန်နေဂျာအခန်းထဲမှ လက်မှတ်ထိုးထားသည့် စာရွက်စာတန်းတစ်ထပ်ကြီးနှင့် ပြန်လာသည့် ဇော်လတ်က ဖြတ်သွား ဖြတ်လာသြ၀ါဒများ ပေးရန် အောင်ကျော်ထွန်း စားပွဲရှေ့ ရပ်လာသည်။
“အိမ်း …”
သူ့ကိုယ်သူ ပိုခန့်ထည်သွားအောင် သံရှည်ဆွဲ၍ `အိမ်း`လိုက်သေးသည်။
“ညီဘွား၊ အခု အသက် နှစ်ဆယ့်ငါးနော်”
“ဟုတ်ပါတယ်…”
ဒီလို ဗေဒင်ဆရာလိုလို၊ ဘိုးတော်လိုလိုနှင့် လူတွေ့ရင် ဟောဖို့ပြောဖို့ ဆရာလုပ် ဆုံးမဖို့ပဲ တတ်သည်။ ဒီမှာ ဘယ် လောက် ကြေကွဲနေသည် သူမသိ။ သူ့လက်ဖြစ် ဒဿနတွေ အမြည်းပေးဖို့၊ ကြော်ငြာကပ်ဖို့ပဲ အလျင်စဉ်းစားနေတတ်သည်။ ဒီဘက်မှာ ဘာဖြစ်နေသည်ကို စဉ်းစားမပေး။
“ဒီအသက်အရွယ် အိမ်ထောင်မပြုဖြစ်သေးဘူးလား။ ညီဘွား သင်္ချာညံ့တယ်ထင်တယ်”
“မဟုတ်ဘူး၊ ကိုဇော်လတ်ရ ….”
မထူးတော့ပြီမို့ ကိုယ့်အဖြစ်ကို နတ်သံနှောရင်ဖွင့်ရန် အောင်ကျော်ထွန်း ကြိုးစားလိုက်သော်လည်း အချည်းအနှီး ဖြစ် သွားသည်။ အနှီပုဂ္ဂိုလ်မှာ စကားပြောကောင်းသူဖြစ်သော်လည်း နားထောင်ကောင်းသူတစ်ယောက် မဟုတ်ပါ။ တစ်ဖက်လူ စကားပြောလျှင် တလေးတစား နားထောင်ခြင်း မပြုဘဲ သူပြောလိုသည်များကိုသာ တရစပ်ပြောနေတတ်သူဖြစ်၏။
“ဥပမာ၊ ညီဘွား… အသက်သုံးဆယ်ပြည့်မှ အိမ်ထောင်ပြုဖြစ်တယ် ဆိုပါတော့။ တစ်နှစ်အတွင်း သားသမီးယူဖြစ်ပါမှ ကိုယ့်အသက် သုံးဆယ့်တစ်နှစ်မှာ သားသမီးရမယ်။ သားသမီး အသက်ဆယ့်ငါးနှစ်မှာ ကိုယ့်အသက် လေးဆယ့်ခြောက်နှစ် ဖြစ်နေပြီ။ သားသမီး ပညာရေး၊ ကျန်းမာရေးက အတက်။ ကိုယ်က အကျ။ သားသမီး အသက်နှစ်ဆယ်မှာ ကိုယ်က ငါးဆယ် ကျော်နေပြီ။ ရှာထားဖွေထားပြီး ရှိနေရင် ကိစ္စသိပ်မရှိဘူး။ အဲဒီအချိန်ကျမှ သူတို့ ပညာရေး၊ ကျန်းမာရေးအတွက် ထပ်ပြီးရှာဖွေ နေရရင် သိပ်မဟန်တော့ဘူး။ နောက် …ခေတ်။ သူတို့ခေတ် အခြေအနေ၊ ခေတ်စရိုက် ကိုယ်ကလိုက်နားလည်ပေးဖို့ စိတ်အာရုံ သွက်လက်နိုင်ပါဦးမလား”
“အဲသလို ဆိုရင်လည်း သားသမီးမယူတော့ဘူးပေါ့ အစ်ကိုရာ”
“ဒီလူလေးကလည်း၊ သားသမီးမရှိတဲ့ အိမ်ထောင်ရေးဟာ အမြစ်မရှိတဲ့သစ်ပင်လို အလွယ်တကူ ခြောက်သွေ့နိုင် တယ်။ အလွယ်တကူ ပြိုလဲနိုင်တယ်။ မလေးနက်ဘူး။ မခိုင်မာဘူး။ မယဉ်ကျေးဘူး”
`လှတယ်ဗျာ`… ထောက်ခံစကားဆိုလိုက်ချင်ပေမယ့် နောက်ထပ် ခုနစ်ရာမီဂါဗိုက်၊ မိနစ်ရှစ်ဆယ် စီဒီတစ်ချပ်စာ နာတော်ခံရမည်စိုးသဖြင့် ယဲ့ယဲ့လေးသာ ပြုံးပြနေလိုက်မိသည်။
ထိုစဉ် ကိုကျော်ထူး ရောက်လာသည်။ အငှားယာဉ်မောင်း မလာ၍ ကိုယ်တိုင် တက္ကစီထွက်ဆွဲနေရင်း လမ်းကြုံဝင်လာ ခြင်းဖြစ်သည်။ တစ်ဖွဲ့လုံး လက်ဖက်ရည် လိုက်သောက်ရန်ခေါ်သည်။ ဇော်လတ်က ညနေပိုင်းအချိန် လာခေါ်ရင် ပိုကောင်းမယ် ဟု မဲဆွယ်နေသည်။
“ကျွန်တော် လက်ဖက်ရည်ဆိုင်တွေလည်း သိပ်မထိုင်ချင်တော့ဘူးဗျာ။ တခြားဝင်ရောက်စားသုံးနေသူတွေကို အားနာ တယ်။ အလုပ်ထဲမှာလည်း လုပ်ဖော်ကိုင်ဘက်တွေ အားနာလို အစားအသောက် အနေအထိုင်ကအစ အတော်ဆင်ခြင်နေရ တယ်”
“ခြင်းဆွဲ၊ ငါစိတ်မကောင်းဘူးကွာ၊ ဘာရယ်မဟုတ်ဘူး။ ငါ ကျီစားချစ်စိတ်များပြီး ပါးစပ်သရမ်းလိုက်မိတာ တောင်းပန် ပါတယ်”
“ရပါတယ် အစ်ကိုရာ။ အစ်ကိုပြောလိုက်လို့ ဖြစ်ရတာမှ မဟုတ်တာ။ သတိပေးလိုက်သလို ဖြစ်သွားတာမို့ ကျေးဇူး တောင် တင်ရဦးမယ်”
“ဘာပဲဖြစ်ဖြစ်ပေါ့ကွာ။ ပိုကောင်းသွားတာမှန်ပေမယ့် ဒီလို နိမိတ်မရှိ နမာမရှိ စကားတွေ ငါ မပြောတော့ပါဘူးကွာ”
ကိုကျော်ထူး အတော်ပင် စိတ်မကောင်းဖြစ်သွားဟန်တူပါသည်။ ကိုဇော်လတ်၊ ကိုပြောင်ကြီးတို့နှင့် ဘီယာသောက်ရန် ထွက်သွားပါတော့သည်။
“ဟီး …ဟီး၊ ဒါလေးတော့ မစွန့်လွှတ်နိုင်သေးဘူးလေ …”
+ + + + +

“ဟေး … ခြင်းဆွဲ”
ဒီတစ်ခါတော့ အမှန်တကယ်ပင် ၀မ်းတပြင်ပြင် ဖြစ်နေသည်မို့ ပလက်ဖောင်းကြပ်ကြပ်များ အတင်းတိုးဝှေ့ မြေအောက် အိမ်သာဆီ ပြေးနေရခိုက် အော်ခေါ်သံ ထွက်ပေါ်လာခြင်းဖြစ်သည်။ လှည့်ကြည့်လိုက်တော့ ကိုယ့်ကိုခေါ်နေခြင်း မဟုတ်ပါ။ နာ မည်တူတာ ဖြစ်ချင်ဖြစ်မည်။ အသံတူတာ ဖြစ်ချင်ဖြစ်မည်။ ချွေးစေးချွေးပေါက် ကျလောက်အောင် ဝေဒနာပြင်းထန်လှသည်မို့ အမြင်အကြားရောထွေး ထင်ယောင်ထင်မှားခြင်းလည်း ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် ကြွေကမုတ်မှာ အမြိန့်သားထိုင်နိုင်ဖို့သာ အရေးကြီးနေသည် မဟုတ်ပါလား။ ပြေးရင်းလွှားရင်း အိပ်ကပ်ထဲ အကြွေရှာရသေးသည်။ အကြွေရှာမ ရဘဲ အိမ်သာဝတစ်နေလို့ကတော့ ရှုံ့ချည်ပွချည်ကြွက်သားတွေက စိတ်မရှည်ဘဲ ဆောင့်တွန်းထည့်လိုက်မှ …။
လက်ထဲ ပျော့တွဲစိုအိပြီးကပ်ပါလာသည့် တစ်ရာတန်တစ်ရွက် သွက်သွက်သာ လှမ်းပေးလိုက်သည်။ ပြန်အမ်းအကြွေ လည်း စုတ်သလား၊ ပဲ့သလား။ သစ်သလား ဟောင်းသလား အငြင်းမပွားအား။ ရွှံ့မြေတို့ချောအိနေသည့် လှေကားထစ်တွေမှာ ချော်ပြုမကျအောင် သတိထား၍ ဝေဒနာအလို့ငှာ သွက်သွက်ဆင်းခဲ့ပါသည်။
အမယ်လေး … အားရပါးရမှ၊ အားရပါးရရယ်ပါ။ ဒီအချိန် ဒီစည်းစိမ် ဘာနှင့်မျှ မလဲနိုင်။ ကမုတ်ပေါ်တင်ထားသည့် ခြေ အစုံပေါ့ပါးပြီး လေမှာပျံဝဲသွားတော့မယောင်။ နဖူးစပ် ချွေးစေးတို့ ပြေလျော့သွေ့ခြောက်။ နှင်းဆီရနံ့ အဲဖရက်ရှ်လေး သင်းလာ သလို ခံစားလာရ၏။ လီယိုနာဒိုနှင့် ကိတ်ဝင်းစလက်တို့ တိုက်တန်းနစ်ဦးပိုင်း ပင်လယ်လေညင်းထဲ ငှက်သွင်ပျံကြွမတတ်သော် ပျော်နေတုန်းခံစားမှုထက် မလျော့သည့် စိတ်ခံစားမှု။
“ဟိုက် …”
နျူကလီးယား ဓာတ်ပေါင်းဖိုကြီးတစ်လုံး ပေါက်ကွဲသွားလျှင်ပင် ယခုအသံလောက် မကျယ်လောင်နိုင်ဟုသာ ညွှန်းဆို လိုက်ချင်ပါတော့သည်။ အားရပါးရ ၀မ်းကိစ္စ ပြုမူပြီးသည်နှင့် ကိုယ်လက်သန့်စင်ရန် ရေခပ်လိုက်သည်။ သို့ရာတွင် `ဂတ်ဂတ် ဂလောက်`ဟူ၍ လည်ချောင်းနာနေသည့် ဘဲငန်း၏အော်မြည်သံမျိုး ထွက်ပေါ်လာရာ အလန့်တကြား ကြည့်လိုက်မိတော့ ရေညှိ ကပ် ကော်ခွက်က ရေကန်အောက်ခြေမျက်နှာပြင်နှင့် အဖန်တလဲလဲ ထိခတ်နေခြင်းတည်း။ ရေတစ်စက်မျှ မရှိ။ ရေတစ်ပုံး လောက် ခပ်ထည့်လိုက်ရမည်ကို သတိမဲ့မိသည်။
အော်ငိုပစ်လိုက်ချင်သည်ထိ စိတ်ညစ်သွားသည်။ အမလေး …ဘယ်လိုလုပ်ရမလဲဗျ။ ကယ်ကြပါဦး။ ချွေးတစ်ပြိုက် ပြိုက် ယိုစီးကြလာ၏။ သင်္ဘောကုန်းပတ်ပေါ်မှ ဘွိုင်လာခန်းထဲ စောက်ထိုးပြုတ်ကျသွားသလို။ ဘယ်လို လုပ်ရမလဲ …. ဘယ်လို …လုပ်ရမလဲ …ဗျို့။ ကယ်ကြပါဦး။ အပြင်မှ အလှည့်ကျ စောင့်နေသူကလည်း စိတ်မရှည်သလို ခြေသံရှပ်ရှပ် ပြုလာသည်။
ဒူးနှင့်ရင်ဘတ်ကြား အပ်ထားသည့် ဖိုင်တွဲလေး သတိရ၍ အထဲမှ စာရွက်တစ်ရွက်ကို ၀မ်းသာအားရဆွဲထုတ်လိုက် သည်။ အပြီးအပိုင် စွန့်ပစ်ခဲ့ရမည့် စာရွက်မို့ အသေအချာ စစ်ဆေးကြည့်မိသည်။ သြော် … ဓာတ်ခွဲခန်း အဖြေစာရွက်။ အင်း … ကိစ္စတော့ မရှိလောက်တော့ပါဘူး။ ဆရာကြီးလည်း ဒီစာရွက်ပြပြီးပြီပဲ။ အယ် … အယ် …။ ဒီမှာ ရေးထားတာ နာမည်က …. ဦးစံရွှေမြင့်၊ အသက် … ခြောက်ဆယ်။ နေရပ် … ဦးငြိမ်းမောင်အခန်း၊ သန်လျင်။ ဟာ … ဒါ ငါ့နာမည်မှ မဟုတ်ပဲ။ ဒါဆို … ဒါဆို ..။
ထိုနေ့ထိုရက်က အောင်ကျော်ထွန်းတစ်ယောက် ကိုယ်လက်သန့်စင်မှု ပြုဖြစ်သလား။ သန့်စင်မှုမပြုပဲ သည်အတိုင်း ထွက်လာမိသလားဆိုတာ ကိုယ်တိုင်တောင် ရေရေရာရာ မသိတော့ပါဘူးဟု ၀န်ခံရှာပါသည်။ သိလည်း မသိချင်တော့ပါ။ သူ့ လက်မောင်းနှစ်သွယ်ကြား ပိုင်ပိုင်နိုင်နိုင် ပွေ့ပိုက်ထားသည်မှာ သူအင်မတန်မြတ်နိုးရှာသည့် ဒေါင်းလေးရဲ့ အကောင်းဆုံး လက် ဆောင်မွန် သားဦးလေး။
အဖြစ်အပျက်တွေ စဉ်းစားမိတိုင်း နေမထိထိုင်မသာ ဖြစ်ရပြီးနောက် ယခုတော့ လုံခြုံအေးချမ်းသည့် ဘ၀လေးမှာ ကျေနပ်ပီတိဖုံးလွှမ်းနေသည့် အောင်ကျော်ထွန်းတစ်ယောက် သားချော့တေးတစ်ပုဒ်ကို သူ့အသံပြာပြာကြီးနှင့် သီကြွေးနေရှာပါ တော့သည်။ အိပ်ပျော်နေရာမှ နိုးခါစ သားငယ်လေးသည် မျက်လုံးလေးကလယ်လယ်။ ဖေဖေကြီးကို နားမလည်။ ဖေဖေကြီး လည်း မျက်လွှာစုံချ သားချော့တေးထဲ တလယ်လယ်။ လောကကြီးကို နားမလည်။
“လူလေးရယ်ငို ခိုဖမ်းလို့ပေး။ ခိုဖြူပြာနက်ကယ် ဖမ်းခက်လှသေး။ ကြောင်ကြီးရယ်မြီးတံတို အဆီကိုစားလို့ အသားကို မြို …ကြောင်အို ကိုပေမှေး ကိုက်ပါနဲ့လေး …..”
အားရာရား

~ by kaungphyo on September 9, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: