ဆီဒိုးနားက နော့ကိယ

Faces Magazine
Issue : September 2002, Page-78.
Editor : Too Too Myint Thein
Illustrator : Soe Thawta (Pyi)

အအေးငွေ့သီး ဇိမ်ခံကားဖြူကြီးထဲကအထွက် ပြင်ပရာသီဥတုရဲ့အပူဒဏ်ကို သည်းမခံနိုင်ဟန် မျက်နှာပွပွကြီး ရှုံ့မဲ့၊ ကားတံခါးကို ဘယ်လက်နဲ့ လက်ပြန်ဆောင့်ပိတ်။
“ချပ်” …။ ကားတံခါး ပိတ်သွားသံက ညင်ညင်ဖွဖွလေး။ သည့်နောက် သူ့စူပါကားဖြူကြီးနဲ့ ခြေလှမ်းသုံးလှမ်းစာ အကွာ လောက်ထိ လျှောက်သွား။ လူမြင်သာလောက်တဲ့နေရာရောက်မှ ရီမုဒ်ကွန်ထရိုးနဲ့ `တွီ`ခနဲ ကားတံခါး လော့ခ်လုပ်လိုက်။ ပြီး …ရေဖျဉ်းစွဲသလို သူဗိုက်စူကြီးအစွန်းမှာ သိမ်သိမ်ငယ်ချိတ်ဆွဲခံထားရတဲ့ ဆဲလ်ဖုန်းသေးသေးကွေးကွေးလေး ဟန်ပါပါဖြုတ်ယူ။ မေးအစ်အစ်ကြီးပင့်တင်ပြီး နားရွက်ထူပြိန်းပြိန်းမှာ မာန်ပါပါကပ်။ အ၀င်လိုင်း ရှိရှိ မရှိရှိ၊ အဲဒါက သူ့ဆဲလ်ဖုန်း စတိုင်။ လူစည် ကားရာ မြို့လည်ရပ်ကွက်ဆိုပေမယ့် လူတွေနဲ့ နည်းနည်းအလှမ်းဝေးရင် အ၀င်လိုင်း၊ အထွက်လိုင်း ဘာမှမရှိတဲ့ ဖုန်းအသေကြီး နဲ့ ပြဇာတ်ခွင်ပေါ်ကလို ပလက်ဖောင်းပေါ် ခေါက်တုန့်ခေါက်ပြန် တဒေါက်ဒေါက် နှစ်ခေါက်သုံးခေါက်လျှောက်။ တစ်ယောက် တည်း စကားတွေပြောနေတာ။ အနီးအနား လူကသိပ်နီးနေတယ် ဆိုပါတော့။ သူက ရုံးခန်းထဲက အတွင်းရေးမှူးလို့ ခေါ်ခေါ်နေ တဲ့ ကလေးမလေးကို အမြန်နှုန်းနဲ့ ဆက်သွယ်လိုက်ပြီး ပလက်ဖောင်းပေါ်မှာလည်း ဟန်ရေးပြပြီးဖြစ်သလို၊ စက္ကရီတေရီလေးကို လည်း `အီစီကလီ` အီလိုက်ဦးမယ်။
သူ့စီးတော်ယာဉ်ကြီး ကုမ္ပဏီရုံးခန်းရှေ့ ရောက်ကာနီးဆို ဟွန်းသုံးကြိမ်ဆက်တီးတဲ့ သင်္ကေတ ပေးထားတယ်။ ဒါမှ စီး တော်ယာဉ်ကြီး ကုမ္ပရုံးခန်းရှေ့တည့်တည့် ပလက်ဖောင်းမှာ ငြိမ့်ခနဲလျောခနဲ အရောက်၊ ပေါပေါလောလော တပည့်သုံးယောက် လောက်က အပြေးအလွှား ထွက်ကြိုရမယ်။ ဒါကလည်း ကြိုတင်မှာကြား၊ ညွှန်ကြား၊ ချိန်ညှိထားတာ။ ကြိုပြီးလည်း ရောက်မနေ ရ။ သိပ်လည်း နောက်မကျရ။ ကားအ၀င်မှာ ပျာယီးပျာယာ ရိုရိုသေသေ အပြေးတပိုင်း ခြေမှန်တစ်ဝက် လာရမယ်။ တစ် ယောက် က ကားတံခါး ဖွင့်ပေးရမယ်။ နောက်တစ်ယောက်က ကားထဲက သယ်စရာချီပိုးစရာပစ္စည်း၊ ဘော်လ်ပင်တစ်ချောင်း ကနေ သူကိုင်နေကျ ကေ့စ်လေးတစ်လုံး၊ သောက်လက်စ ရေသန့်တစ်ဘူး … တစ်ခုခုပေါ့။ နောက်တစ်ယောက်ကတော့ သူ့ ဘော့စ် ရုံးခန်းထဲ ၀င်လေတဲ့အခါ တစ်ယောက်တည်း ကြောင်တိကြောင်တောင် သွပ်ချောင်ချောင်နိုင်မှာစိုးလို့ ဘော့စ်နောက်က လက်ကလေးနှစ်ဖက် နောက်ပစ်တဲ့ပြီး ခပ်ကုပ်ကုပ်၊ ခပ်သုတ်သုတ် လိုက်ရမယ်။
ခက်တာက သူကသာ ဟန်ရေးပြနေတာ၊ ဒီဘက်မျက်နှာခြင်းဆိုင် ပလက်ဖောင်းပေါ်က လူတွေကဖြင့် သူ့ကို အာရုံ စိုက်နိုင်ပါဘူးဗျာ။ ဒီဘက်ကုမ္ပဏီက စားအုံးဆီယူထားတာမို့ နေ့စဉ် စားအုန်းဆီရောင်းပေးရတယ်။ အဲဒီတော့ ဆီတိုးတဲ့လူအုပ် ကြီးပဲ အထင်ကရရှိတယ်။ သူတို့ခမျာလည်း မနက်ငါးနာရီလောက်ကတည်းက နေရာဦးထားရတာမို့ ကိုယ့်နေရာလေး မပျောက် ရေးပဲ အာရုံရှိရှာကြတယ်။ ဟိုဘက်ပလက်ဖောင်းက ဗိုက်ရွှဲကြီးကို စားအုန်းဆီအစိတ်သားလောက်၊ ရေသန့်ဘူးခွံတစ်ခွံလောက် မှ အာရုံမစားပါဘူး။ ရှစ်နာရီခွဲလောက်မှ စရောင်းမယ့် ဆီအစိတ်သားကို နာရီပေါင်းများစွာ သွေးတောင့်အောင် ရပ်လို့စောင့်နေရ သူတွေပါ။
ဒါပေမယ့်၊ ကျောင်းပိတ်ရက် မိဘတွေနဲ့အတူ ၀င်ငွေကူရှာဖွေကြတဲ့ ကလေးငယ်တွေကတော့ လူကြီးတွေလောက် အာရုံမပွားတော့ မနက်တိုင်းကြုံရတဲ့ ဒီလူကြီးကို အငေးသားပေါ့။ တယ်ဟုတ်ပါလားပေါ့။ တယ်လဲ အရေးပါကြီးပါလားပေါ့။
“ဒီဆရာကြီး …အပြတ်ပဲကွာ။ တို့များ ဆီတိုးနေရတယ်လို့”
ဆံပင်ဖြား အ၀ါကျင့်ကျင့်နဲ့ အရင်းမှာနီစုတ်စုတ် ဆံဘုတ်သိုက် လေပွေမွှထားတဲ့ ရက်ပါလေးတွေ။
“မင်းအဖေသာဆို ဘယ်လောက်ကောင်းမလဲကွ”
“သေချင်းဆိုး … ငါ့အဖေနဲ့ လဲနိုင်ပေါင်ကွာ”
“ဟ … မင်းက နာစရာလား”
“အိုကွာ …၊ ငါ့အဖေနဲ့ နေရတာ ပျော်စရာကောင်းတယ်။ ညနေ …ညနေ အလုပ်ပင်ပန်းပြီး ဆံပင်ဖွာလန်ကြဲနဲ့ ညစ်ညစ် ပတ်ပတ် ပြန်လာတာဆိုပေမယ့်၊ အမေချက်ထားတဲ့ ထမင်းဟင်းလေးတွေ အတူစားရင်း ရယ်စရာပြောတတ်တဲ့ အဖေ့မျက်နှာက ခင်စရာကြီး … ဟီး ဟီး”
“အေးကွ … ဒီလူကြီးကတော့ ဒါမျိုး ဟုတ်ဟန်တူဘူး”
“ဟ … မင်းကလည်း အန်းတစ်ခ် (antique) ကြီးကို အထင်သေးလို့”
“ဘာလဲကွ … အန်းဒိတ်ကြီး”
“ဟာကွာ မင်းကလည်း သူက သူ့ကိုယ်သူ အနုအရွတွေလုပ်နေတာ။ ကြည့်ရတာ မင်းအဖေထက်တောင် အသက် အများကြီး ကြီးနေဦးမှာကွ”
အဲဒီနေ့ကစပြီး ဆီတိုးကလေးတစ်သိုက် သူ့ကို အန်းတစ်ခ်ကြီးလို့ နာမ်စားသုံးကြပါတော့တယ်။
+ + + + +
“ဟေ့ … ကျီးကန်း”
တစ်ကိုယ်လုံး ရှိသမျှအကြောအချဉ်၊ မွှေးညင်းနုနု ဖြန်းဖြန်းထဆူပွက်။ ပြီး ဆတ်ခနဲအေးစက် ကြွပ်ဆတ် သွားရပြီ။ သမုတ်ခံရတဲ့ ကျီးတစ်ကောင်လို အသံထွက်ပေါ်ရာ အသားတစ်ဆီ မျက်ကလဲဆန်ပြာ။
“အံမာ …တောကျီးကန်းကများ။ ငါတစ်ယောက်လုံး ဒီမှာ မမြင်ဘူးလား။ ကျီးကန်းတောင်းမှောက်ဆိုတာ ဒါမျိုးပေါ့ကွ”
ခက်ခက်ခဲခဲ ၀ါးလုံးထိုးပြေးဝင်လာတဲ့ဘောလုံးကို နှစ်ချက်သုံးချက်ဆင့် လေမှာဝဲပြီး ရွှေဣနြေ္ဒ စွေ့ခနဲအမိဖမ်း ဆယ် ယူလိုက်နိုင်အပြီးမှာ …
“သြော် … ကိုကျော်ထူး”
မည်သည့်စကား၊ အဘယ်မချိမဆန့်စကား ဆက်ဆိုရမယ် မသိ။ သို့သော် မပြောမဖြစ်။ ဒီလူ့ စုတ်ပဲ့ပဲ့ပါးစပ်ပြဲသံကြီးက ပလက်ဖောင်းမှာ ဆူညံပွက်လောရိုက်သွားရင် အခက်။ အရှက်ရအံ့။
“ကျွန်တော်တို့ အသက်တွေ ကြီးနေပါပြီဗျာ။ ဒီလို မရင့်ကျက်တဲ့ အသုံးအနှုန်းတွေ မသုံးသင့်တော့ပါဘူး”
မျက်နှာတင်းနိုင်သမျှတင်းရင်း ကုမ္ပဏီရုံးခန်းထဲ အပြေးတစ်ပိုင်း။ ပလက်ဖောင်း အနှေးပြကွက်နဲ့ ဖုန်းပြောချိန်ပင် မရ လိုက်။ တပည့်သုံးယောက် လက်နောက်ပစ်ချိန်ပင် မစောင့်ခဲ့။ ကိုကျော်ထူး နှုတ်သရမ်းသလို ကျီးကန်းမဟုတ်ပဲ ရေဆိုးမြောင်း ပေါက်ထဲ လှစ်ခနဲပြေးဝင်သွားတဲ့ ကြွက်တစ်ကောင်နဲ့ ပိုတူသွားတယ်။
“အံမလေး မြို့ကျီးကန်းရယ် … ငယ်သူငယ်ချင်းလေး လမ်းကြုံလို့ နှုတ်ဆက်မိပါတယ်”
အထက်တန်းကျောင်းကထွက် ဆယ်တန်းအောင်နဲ့ အလုပ်မျိုးစုံ ကြုံရာကျပန်းလုပ်တော့လည်းတူတူ။ ပါးစပ်မှာ ဆူးပါ ပေမယ့် သူငယ်ချင်းတွေရဲ့အပူကို အကူးစက်အခံနိုင်ဆုံးလူ။ ကိုကျော်ထူး ဒီလိုလူဆိုပေမယ့် ဒီသိုက်နန်းမှာ ဓာတ်စခန်းဖွင့်ပြီး နေနိုင်ချိန်မှ ဒီလိုလူနဲ့တွေ့ရတာ ဟန်ချက်ပျက်တယ်။ ပြီးတော့ သူ့မောင်းလာတဲ့ အငှားယာဉ်ပေါ်မှာလည်း ကုမ္ပဏီကိုလာတဲ့ ခရီးသည်တွေနဲ့။
“ကျီးကန်းရယ် … မင်းချေးငှားထားပြီး ပြန်မဆပ်တဲ့ အကြွေးတွေ လိုက်တောင်းနေတယ်များ မှတ်လို့လားကွာ။ နှစ် ကြောင်းလောက် ခိုင်လာပြီမို့ လက်ဖက်ရည်လေးတစ်ခွက် သောက်ကြမလား အောက်မေ့ပါတယ်”
ခရီးသည်ဆင်းသွားတာနဲ့ ကိုကျော်ထူး စိတ်ပျက်လက်ပျက်ပဲ ကားမောင်းထွက်ခဲ့ပါတယ်။
+ + + + +
“ဟာကွာ၊ ဟေ့ကောင်တွေ မနေ့က မင်းတို့ကြုံစေ့ချင်တယ်”
ရေခဲချောင်းတစ်ချောင်းကို ပါးစပ်ပေပွ။ ရင်ဘတ်ပေါ် အစက်ကျအောင် တစ်ယောက်တစ်လှည့်စားနေကြရင်း တစ်ယောက်က အားပါးတရ ရီဗာ့စ် (Reverse) လုပ်တယ်။
“ဘာလဲကွ ၊မင်းကလည်း”
“အန်းတစ်ခ်ကြီး ကြွေသွားတယ်ကွာ”
“နော့ကီယ (NOKIA) ကြီးလား”
“မင်းတို့ကလည်း ထွင်တယ်။ ဘာလဲ နော့ကီယ”
“ဟား ..ဟား၊ ဆဲလ်ဖုန်းသေးသေးလေးတွေ ပေါ်လာတော့ နော့ကီယကြီးက တုတ်တုတ်ခိုင်ခိုင်ကြီးမို့ အန်းတစ်ခ် ဖြစ် သွားပြီလေ။ နော့ကီယကြီးဆိုမှ ပုဂ္ဂိုလ်ကြီးနဲ့ ပိုလိုက်မယ်ကွ”
“ထားပါတော့ တို့လည်း ရယ်ရအောင် ပြောပါဦး”
“ပလက်ဖောင်းပေါ်မှာ သူ့ ငယ်သူငယ်ချင်းတစ်ယောက်က နာမည်ပြောင်အော်ခေါ်တော့ ရှက်ပြီး ရုံးခန်းထဲပြေးဝင်သွား တာ မင်းတို့များ မြင်စေ့ချင်တယ်။ အိုင်တင်တွေ ထုတ်ချိန်တောင် မရလိုက်ဘူး”
“တခြား ဘယ်သူတွေ ကြားသေးလဲ”
“တို့ကလေးတွေချည်း မဟုတ်ပါဘူးကွာ။ ကြီးတော်ညွန့်တို့အုပ်စုလည်း ကြားတာပေါ့”
“ကြီးတော်တို့လည်း ရယ်ကြသေးလား”
“သူများတိုက်ရှေ့ စောစီးစီး တ၀ါးဝါးတဟားဟား လုပ်နေကြလို့ ဆီအရောင်းပိတ်သွားမှ အခက်။ ကြီးတော်တို့က လူကြီးတွေဆိုတော့ သတိရှိပါတယ်ကွ”
“မင်းတို့ကရော …”
“တို့လည်း ရယ်မလို့ပါပဲ။ ဒါပေမယ့် ဒီဘက်မှာလည်း မင်းတို့ပြောတဲ့ နောကီယကြီးတစ်လုံး ရှိတယ်ကွ။ ကလေးတွေ ရှုပ်ရှုပ်ရှက်ရှက်ဆိုပြီး လုပ်လိုက်မှ မုန့်ဘိုးပြတ်ပါ့မယ်။ တို့လည်း ရယ်ရဲဘူး”
“အင်းပါ … ဒါပေမယ့် တို့ကလေးတွေက လူကြီးတွေလောက် မအောင့်အီးနိုင်တော့ အချင်းချင်း ဖု(တ) (Foot Phone) လေးတွေသုံးပြီးဆက်သွယ်ရင်း တိတ်တိတ်ကျိတ်ရယ်ကြတာပေါ့”
“မင်းတို့က လုပ်ပြန်ပြီ။ ဘာလဲကွ ဖု(တ)ဖုန်း”
“မင်းကလဲ မလတ်ဆတ်လိုက်တာကွာ။ တစ်ယောက်ခြေထောက်တစ်ယောက် အသာဖိနင်းအချက်ပြပြီး ကျိတ်ရယ်ကြ တာပေါ့” ……………..
အားရာရား

~ by kaungphyo on September 9, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: