ကျန်စု အချိုရည်

Beauty Max Magazine
Issue : Issue 48, January 2008. Page-224-B
Editor : Ko Toe
Illustrator : Nothing

ကိုဝင်းမြင့်က ဗီဒီယိုပလေယာလေးလိုချင်တယ်ပြောလို့ ပန်းဆိုးတန်းတစ်ဝိုက် လမ်းလျှောက်ကြတယ်။ ပေါချောင် ကောင်းလိုချင်နေတဲ့လူမို့ စိတ်ကြိုက်မတွေ့ပဲ မ၀ယ်ဖြစ်ပါဘူး။ ခင်ဗျားအိပ်ကပ်ပါးပါးလေးနဲ့ ဒါပဲရမယ်လေ။ ၀ယ်မှာသာ ၀ယ်လိုက်စမ်းပါ။ ဘယ်လောက်ပဲ ပြောပြော “ တစ်ရက်နှစ်ရက်နဲ့ ပျက်သွားမှာတော့ အလကားရတောင် ပြင်ခကုန်ဦးမှာမို့ မယူဘူးကွာ”တဲ့။ အတော်ဆိုးတဲ့လူ။ လက်ဖက်ရည်လေးတစ်ခွက် သောက်ရမလားဆိုပြီး ခြေညောင်းခံလိုက်လာပါတယ်။ အလကားပဲ။
လျှောက်ရင်းလျှောက်ရင်းနဲ့ ၃၃ လမ်းထိပ်၊ ခရေပင်အောက်ရောက်တော့ ခြေဖ၀ါးတွေ ပူလှသကွာတဲ့။ သူစီးလာတဲ့ သားရေဖိနပ်အစုတ် ချွတ်တဲ့ပြီး ဖင်ခုထိုင်ချလိုက်တယ်။
“ဟေ့လူ … ဒါ ခင်ဗျားငယ်ငယ်ကနေခဲ့တဲ့ သာကေတီးယားတို့၊ အခုနေနေတဲ့ အလုံဗိလေ့ခ်ျ တို့ မဟုတ်ဘူး။ မြို့လည်ကြီးဗျ၊ ရှက်စရာ ..” ။ ဒီလိုဆူငေါက်လိုက်ပေမယ့်လည်း ဆံပင်ကောက်ကောက်၊ ဖင်ကောက်ကောက်နဲ့ အိန္ဒိယနွယ်ဖွား လေးက နှုတ်ခမ်းထူတွဲတွဲ တဟဟလုပ်ရင်း၊ “အေးလေ၊ မင်းလည်း တရုတ်တန်းမှာ ငုတ်တုတ်ထိုင်ပြီး တုတ်ထိုးစားလိုက်၊ ဆန်ပြုတ်သောက်လိုက် လုပ်နေတဲ့ကောင်ပါကွာ။ ဟား …ဟ ”
“လာဗျာ၊ အိနြေ္ဒရရ လက်ဖက်ရည်ဆိုင် ထိုင်ရအောင်”။ “ဟာကွာ၊ ဗိုက်လည်းမဆာပဲနဲ့ အလကားပိုက်ဆံကုန်တယ်”
ဒီလူကတော့ အိပ်ထဲကပိုက်ဆံ တစ်ပြားမှ မထွက်အောင်ကြိုးစားနေပြီ။ မတတ်နိုင်ဘူး။ ဒီနားမှာတော့ ရုပ်ပျက်ဆင်း ပျက် ထိုင်မနေနိုင်ဘူး။ “လာပါဗျာ …လေထန်ကုန်းမှာဆိုရင် ရေနွေးကြမ်းချည်း ထိုင်သောက်နေလို့ရတယ်။ ကိုမျိုးသိမ်းက သဘောကောင်းပါတယ်။ စားပွဲထိုလေးတွေ အော်အော်နေလို့ နားငြီးတာပဲရှိမယ်”
“အဲဒါလည်း မကောင်းပါဘူးကွာ။ မင်း ဒီအပင်အောက် မထိုင်ချင်ရင် ဟိုငေးဒီငေး လမ်းလျှောက်ရင်း စကားပြောကြ မယ်။ ပိုက်ဆံလည်း မကုန်ဘူး။ ကျန်းမာရေးနဲ့လည်း ညီညွတ် .. ဟီ …ဟိ”
“အေးဗျာ၊ ခင်ဗျား ကျွန်တော့်အတွက် အလုံထဲမှာ အိမ်ခန်းလေးလိုက်ရှာပေးတုန်းက ကျန်းမာရေးနဲ့ ညီညွတ်သလား မ မေးနဲ့။ ပွဲစားတွေ တပြုံကြီးနဲ့ ဒီဇင်ဘာလမ်းလျှောက်ပွဲ …”
“မဟုတ်ဘူး၊ မင်းတို့အညာ ရှင်လောင်းလှည့်”
+ + + + +

လျှောက်မိလျှောက်ရာ ပလက်ဖောင်းပေါ် ဟိုငေးဒီတိုး၊ ဟိုကြည့်ဒီတိုက်၊ ပလက်ဖောင်းပေါ်က ပုရွက်အုံကြီးထဲ။ လမ်းသုံးဆယ် ကျော်လာခဲ့ပြီ။ ဟေ့လူ ကိုဝင်းမြင့် `မိုးပျံခေါက်ဆွဲ ၀ယ်ကြွေးပါလားဗျာ။ ဟာ … ဟိုမှာ ရွှေညောင်ပင် ကြက်သားသုတ်။ ကားမှတ်တိုင်အမိုးအောက်မှာ စမူဆာသုပ်၊ ဘယာကြော်သုပ် …`
သုတ်သုတ်သွားနေရင်း ကလေးတစ်ယောက်အမူအရာနဲ့ နောက်ပြောင်နေမိ။
“ဟေ့လူ၊ ဗိုက်ဆာနေပြီ။ ဘာစားရမှာလဲ”
“ဗီတာမင်တွေ အားကြီးပါတဲ့ ငါ့အီအီးတွေစား”
“ဖွီ … ယုတ်မာတဲ့လူကြီး၊ ဟေ့လူ သိမ်ကြီးဈေးကျော်ပြီး လသာရောက်လာပြီ။ မထူးတော့ပါဘူး၊ လမ်းမတော် ထိ ဆက်လျှောက်ပြီး မောင်တိုးရဲ့ မုန့်ဆိုင်လေးသွားရအောင်။ အအေးလေးဘာလေး လျှာတစွတ်တော့ သောက်ရမှာ ပေါ့”
လမ်းမတော် ၁၀ လမ်းနဲ့ မဟာဗနုလလမ်းထိပ်မှာ ရွှေရည်ဦးနာမည်နဲ့ သွားရည်စာမျိုးစုံ၊ အအေးပုလင်းမျိုးစုံ ရောင်းတဲ့ ဆိုင်လေးရှိဗျ။ မိတ္တူကူးစက်ရှိဗျ။ တယ်လီဖုန်း ဆက်လို့ရဗျ။ အဲဒီအထိ နေပူမှာ ခြေပူရင်ဆူ လမ်းလျှောက် သွားရင် အမောပြေ ရေခဲစိမ်အအေးလေး နှစ်ယောက်တစ်လုံးတော့ ပေးသောက်မှာပါ။
“ဒီနားက လမ်းလျှောက်လို့ ကောင်းတယ်ကွ”
ရန်ကုန်ပြည်သူ့ဆေးရုံကြီး သူနာပြုဆောင်ရှေ့၊ အုတ်တံတိုင်းမြင့်မြင့်ကြီးတွေဘေး ပလက်ဖောင်းကျယ်ကျယ် ကြီးတွေပေါ်ရောက်တော့ ဆံပင်ကောက်ကောက်၊ ဖင်ကောက်ကောက်နဲ့ ကာတွန်းရုပ်လိုဆတ်တောက် ဆတ်တောက် လမ်းလျှောက်တတ်တဲ့ ကိုဝင်းမြင့်က တဖွဲ့တနွဲ့ပြောလှာတယ်။
“ဟုတ်တယ်ဗျာ…၊ အုတ်တံတိုင်းမြင့်မြင့်ကြီးရဲ့ လုံခြုံမှုရယ်၊ သင်းပျံ့တဲ့ ခရေပင်တန်းလေးရယ်၊ ကိုယ်နဲ့ ရင်ဘောင်တန်းဖြတ်သန်းနေရတဲ့ အလျင်စလိုနိုင်လှတဲ့ မြို့ပြအငွေ့အသက်တွေရယ် …၊ ၀ိရောဓိ အလှတွေဗျာ”
“မဟုတ်ဘူး၊ မင်းပါးစပ်က စားစရာမမြင်နိုင်တော့လို့”
“လူယုတ်မာကြီးပဲဗျ၊ လျှာခံတွင်းကိုတောင် သဒ္ဓါရင်းစွဲမရှိတဲ့လူ”
လမ်းမတော် အနော်ရထာမီးပွိုင့်ဖြတ်မကူးခင် ဒီလိုစဉ်းစားမိတယ်ဗျ။ “အနို့နေစမ်းပါဦး ကိုဝင်းမြင့်၊ ကျုပ်တို့ အနာဂါတ်ကို ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေနဲ့ ရင်ဆိုင်သွားကြမလဲ”
“လမ်းမတော်လမ်းကို မီးနီပြမှ လမ်းဖြတ်ကူးမယ်။ မကူးခင် ဖရီးဝေးရှိတဲ့အတွက် ဘယ်တစ်ချက် မျက်စောင်း ထိုးမယ် … ဒါပဲ။ ဟိုမှာဘက် ပလက်ဖောင်းကိစ္စ ရောက်သွားမှစဉ်းစားမယ်”
“ခင်ဗျားက ပစ္စလက်ခတ်ကြီးပါလား”
“အဲဒါတွေ မသိဘူး။ လောလောဆယ်ဆယ်တော့ ဒီထက်ပိုမတွေးနိုင်ဘူး”
တွေးလည်းမတွေး၊ ကျွေးလည်းမကျွေးတဲ့ လူအန္ဓ၊ ကပ်စေးနှဲ … စူပါဂလူး။ ဆင်ကော် …ဂေါ်ဇီလာကော်ကြီး။
+ + + + +
မုန့်ထုပ်တွေ တွဲလို့တွဲလောင်းနဲ့ လူအ၀င်အထွက်များနေတဲ့ ဆိုင်ခန်းလေးရှေ့ရပ်နေတဲ့ အာဂန္တုနှစ်ယောက် ကို ဆိုင်ရှင်မောင်တိုး မမြင်နိုင်အားသေး။ ပိစိကွေးတွေ မုန့်ရောင်းပေးလိုက်၊ မိတ္တူစက်တဂျုံးဂျုံး ကော်ပီတွေကူးပေး လိုက်၊ တယ်လီဖုန်းဆက်သွယ်ခတွေ တွက်ပေးလိုက်နဲ့ သူ့ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲ မြန်မာပြည်ကျောက်စိမ်းလို လက်ကုန်ဖွင့်နေရရှာတယ်။ ခဏနေမှ ဆိုင်ရှေ့တွဲလောင်းချိတ်ထားတဲ့ ခေါင်းလျှော်ရည်ထုပ် လာဖြုတ်ရင်း မြင်သွား တယ်။
“ဟောဗျာ …၊ သာကေတီးယားပေါင်ချိန်နဲ့ ဆေးမြစ်တုံးကြီး”
“ငါက ပေါင်ချိန်နဲ့ယှဉ်ရင် အသားပိုလတ်ပါသေးတယ်။ ညှင်းညှင်း …ဟင်း ဟင်း”
“ဟေ့လူ၊ စကားပြောရင် ရယ်သဲ့သဲ့လုပ်တာ တဖက်လူကို မခန့်မညားလုပ်တဲ့ သဘောလား”
“မဟုတ်ရပါ မောင်ရာ။ ကြောက်လွန်းလို့ မင်းတို့အားလုံးနဲ့ မတွေ့ရအောင် ရှောင်နေပြီးသား။ အခုလည်း မင်းဆီလာချင်လွန်းလို့မဟုတ်ဘူး။ ဒီ `အားအား …ရားရား`အကောင် အရူးထပြီးလျှောက်သွားနေလို့ လိုက်စောင့် ရှောက်နေရတာ။ ဟီး … ဟီး …အီး ..”
“ဟေ့လူ …ရယ်ပြန်ပြီ”
“ကြောက်ပါတယ်ခင်ညာ … ရိုးရိုးပဲ ပြောပါတော့မယ်။ မင်းတို့နှစ်ကောင်ပေါင်းမိသွားရင် ငါနစ်နာတော့မှာ သေချာပါတယ်။ လောလောဆယ်ဆယ်တော့ ရေအေးအေးလေး လျှာတစွတ်လောက် တိုက်ပါလားကွာ။ မင်းက ပဲပေါင်မုန့်နဲ့ တူတယ်ကွ”
ကိုရီးယားမင်းသားနဲ့တူတယ်လို့ အပြောခံလိုက်ရတဲ့ မောင်တိုးက ရက်ရက်ရောရော အအေးနှစ်ပုလင်း ကမ်း လာတယ်။ ကိုဝင်းမြင့် ချက်ခြင်းမသောက်၊ ပုလင်းထဲ စိုက်ထည့်ထားတဲ့ ပလပ်စတစ်ပိုက်ကို ဆတ်ကနဲဆွဲထုတ်၊ ပိုက် အဖြားပိုင်းလေးတွေ သေချာကြည့်တယ်။ သွားနဲ့နှုတ်ခမ်းနဲ့ ဖိကိုက်ထားတဲ့အရာလေးများ ရှိမလားလို့ပေါ့။ စိတ်ချ ရတော့မှ တပြွတ်ပြွတ် စုပ်ယူသောက်သုံးလေတော့တယ်။
ဒါကို စေ့စေ့စပ်စပ် မြင်လိုက်ရတဲ့ မောင်တိုးက “ဟေ့လူ …ဘာမှစိုးရိမ်မနေနဲ့။ ပိုက်ကတော့ အသစ်ပဲ။ အရည် ကသာ သူများအကျန်တွေ စုထည့်ထားတာ”
“ဖွီ …ဝေါ့ …”
ပါးစောင်ထဲပြည့်အင့်နေလေတဲ့ အချိုရည်ထွေးထွေးလေးတွေ ပြန်ထွေးထုတ်လိုက်သူက အနှီကိုဝင်းမြင့် မဟုတ်မူဘဲ ဆေးမြစ်တုံးကြီးသာ ဖြစ်ပါကြောင်း။
“ဟေ…လကွာ။ မင်းအချိုရည်တိုက်တာကလည်း စဉ်းစားကြည့်တော့ ကျုပ်စာရေးနည်းမျိုးကြီးပါလား ကရို့။ အင်း … အခုမှပဲ စာဖတ်သူတွေကို ကိုယ်ချင်းစာမိတော့တယ်။ အဟွတ်.. . အဟွတ် …”
အားရာရား*

* စာမူပေးပို့စဉ်က အားရာရား ကလောင်အမည်ဖြင့် ပေးပို့ခဲ့ပါသည်။ သို့သော် မဂ္ဂဇင်းမှ အကြောင်းမညီညွှတ်၍ ကလောင် အမည် ပြောင်းလဲပြင်ဆင်ပေးပါရန် တောင်းခံလာပါသည်။ မိမိအနေဖြင့် ပြောင်းလဲလိုစိတ်မရှိလိုသော်လည်း ပေးပို့ပြီးစာမူ ဖြစ်နေ၍ ၀တ္ထုတိုများ၊ ကဗျာများ၊ အက်ဆေးများ ရေးသားနေသည့် `ကောင်းဖြိုး` အမည်ပြောင်းလဲပေးခဲ့ပါသည်။ သို့သော် ထပ်မံပြောင်းလဲခိုင်းပြန်ပါသည်။ ကုမ္ပဏီဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင်ထဲမှတယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုရသည်မှာ အဆင်မပြေလှချေ။ သွားရောက်ညှိနှိုင်းရန်လည်း အချိန်မရသဖြင့် သားအငယ်နာမည် (ဖြိုးသီဟ)ဟု အလွယ်တကူပေးပစ် လိုက်ပါသည်။ မဂ္ဂဇင်းထွက်လာသည့်အခါ မာတိကာတွင်စာမူဖော်ပြခြင်းလဲမရှိပါ။ စာအလွန်ရေးချင်သော်လည်း … မဂ္ဂဇင်းများ တွင် ပုံမှန်ပါဝင်ရေးသားရန် ခက်ခဲသော်လည်း မိမိ ဆက်လက်မရေးဖြစ်တော့ပါ။ ယခုစာအုပ်တွင် မူလသရော်စာရေးသည့် ကလောင်အမည် `အားရာရား` ခေါင်းစဉ်အောက်တွင် ပြန်လည်ဖော်ပြထားပါသည်။

~ by kaungphyo on September 9, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: