ဆရာကြီးဂျက် လသာသို့ရောက်သွားခြင်း

Faces Magazine
Issue : July 2002, Page-74.
Editor : Too Too Myint Thein
Illustrator : Graphic

တစ်နေ့သ၌ …
မိတ်ဆွေများ ခင်ဗျား။ အသင်တို့၏ မိတ်ဆွေဂုရုကြီး၊ အနှီဆရာဂျက်သည် မျက်နှာလည်း မသာမယာ။ နှုတ်ပါးစပ်ဖျား မှလည်း ကွိကွိကွကွ။ ရွတ်ဆိုသမှု ပြုလျက်သကာလ ကျွန်ုပ်နေထိုင် လုပ်ကိုင်စားသောက်ရာ လသာရွှေဆိုင်တန်းဘက်ဆီသို့ ရောက်ရှိလာခဲ့ပေပြီ တမုံ့။ ကျွန်ုပ်သည်ကား ယခုခါသမယ ခေတ်ရေစီးကြောင်း မြောင်းပေါက်များအတိုင်း အလျဉ်းသင့်သလို ထို ထိုသူငါ ကြေးပွားကျချေ၊ အောင်မြင်ကြချေကုန်သော ရွှေဆိုင်လုပ်ငန်းများသို့ တရကြမ်းဝင်ရောက် လုပ်ကိုင်နေချိန် ဖြစ်လတ္တံ့။
ကျွန်ုပ်သည်ကား မာယာမျိုးစုံ မှုန်နံ့သာခြယ် ကံစမ်းမဲအသွယ်သွယ်ဆွယ်ရင်း ဖောက်သည်မျှော်နေ၊ ခေါ်နေချိန်ဖြစ်သ မို့ လွန်စွာအဟောပြောကောင်းမွန်လှစွာတဲ့သည့် ဆရာကြီးဂျက်လို ဂုရုကြီးမျိုးနှင့် တခဏချင်းလျင်မြန်စွာရင်းနှီးရန် များစွာမှပင် မခဲယဉ်းလှချေဟူ။
သို့သော် အကြောင်းတမူ ယခုရောက်လာတော်မူသည့် ဂျက်ဆရာကြီးသည် ကံစမ်းမဲမက်ပြီး အကျွန်ုပ် ဆိုင်မဟာမှ အမာထည် ရွှေအတိုအစများ ၀ယ်ယူစုဆောင်းရန် ခြစ်ခြစ်ကုပ်ကုပ် အသပြာထုပ်နှင့် ရောက်လာခြင်းမဟုတ်ပြီကော။ သူသည်၊ အကြင်ပုဂ္ဂိုလ်သည် လွန်စွာမှအဆောတလျဉ်နိုင်ဟန်ရှိသည့်ဟန်ပန်နှင့် ခါးကိုညွှတ်ကိုင်း၊ လက်နှစ်ဖက်စုံပူးယှက်၍ နှုတ်ဆက် သမှုပြုရင်း အကျွန်ုပ်ပင် အတန်အသင့်မေ့လျော့နေပြီဖြစ်သည့် စကားအရာအချို့နှင့် ဆိုလှာ၏။
အကျွန်ုပ်သည် တမူဆိုကား “အစ်ကိုရေ … အစ်မရေ …ဘာဝယ်မလဲကြည့်ပါ၊ စိတ်တိုင်းကျ ရွေးချယ်လို့ရပါတယ်။ အထဲကို ၀င်ကြည့်ပါနော်” စသည်တဲ့ ဈေးခေါ် ဧည့်ကြို စကားချိုချိုများကိုသာ ကြိမ်ကြိမ်ဖန်ဖန် ထပ်ထပ်ဆင့်၍ ခေါ်ပြောနေရုံ နှင့်သာ တစ်နေ့တာ အချိန်များစွာ၊ များစွာတို့ ကုန်လွန်ခဲ့ပြီးသမို့ မိမိတို့ပိုင် ဝေါဟာရအချို့ပင် မေ့လုမေ့ခင် အသုံးမ၀င်တော့ဘိ ကဲ့သို့ပင်တည်း။
လသာမြေသို့ ချဉ်းနင်းရောက်လာ ဂျက်မာစတာသည် ထိုမှဤမှ တဆင့်တက်၍ ၀ါကျတချို့ ဆက်၍ဆက်၍ ပြောလေ ပြန်ရာ အကျွန်ုပ်သည်ပင် မနည်းအာရုံပြု နားစိုက်စိုက်ထောင်ရလေသည်။ အကြင်ထိုလူကား စကားအရာပြောဆိုလှာလျှင် သွက်သွက်လျင်စွာ ရှိနေပါ၍ ကျွန်ုပ်တို့၏စကား သင်ကြားခြင်းပြုလျှင် လွန်စွာမှ တတ်မြောက်လွယ်သူ ဖြစ်ပေချိမ့်မည်။ အနှီ ထို ဂျက်ဆရာကွမ်းခြံကုန်းသည် ရွှေလည်းတစ်ရွေးသားမ၀ယ်၊ ပိုစတာပြက္ခဒိန် အစရှိသည့် ကံစမ်းမဲမဟာကိုလည်း မတောင်း။ ဈေး ၀ယ် တစ်ယောက်စ၊ နှစ်ယောက်စ ရှိနေသည့် ကျွန်ုပ်ဆိုင်အတွင်း ရင်ဘတ်ကြီးကော့ခါကော့ခါ နယ်စားမင်းတစ်ပါးလို ကြွချီ တော်မူ၍ လေးထောင့်ကွက် လက်ရေးလှစာအုပ်တစ်အုပ်ဖွင့်ကာ၊ လှပ်ကာ သွက်သွက်ခါ ရေးချလေ့ကျင့် အားထုတ်သမှုပြုနေပါ ပကော။ အသော့အထေ့များ ရေးသားရာတွင် လွန်စွာမှ ကျွမ်းကျင်နှံ့စပ် လက်ရာမြောက်လှသည့် အသင်တို့၏ မိတ်ဆွေတို့၏ ဂုရုကြီးသည် ယခုမူ အဘယ်သူ မေတ္တာတော်ပို့သလိုက်သည်မသိ ကြီးစွာဒုက္ခရောက်နေဟန် ရှိသည်၏တည်း။
+ + + + +
“အစ်ကို … မအိပ်သေးဘူးလား၊ ဆယ်နာရီခွဲတော့မယ်လေ။ မနက်ဖြန် ရှစ်နာအတန်းလည်း ၀င်ရဦးမယ် မဟုတ်လား”
ဗုဒ္ဓေါ ….မြတ်စွာဘုရား ကယ်တော်မူပါ။ အစ်ကို ဘာတွေပြန်ပြောလိုက်တာပါလိမ့်။ စကားသံ လေယူလေသိမ်းတွေ ကတော့ နားယဉ်ပြီးသားအသံ။ အစိပ္ပာယ်ကတော့ တီဗီမှာလို စာတန်းမထိုးသဖြင့် လုံးဝနားမလည်။ အိပ်ချင်မူးမူးထလာခဲ့ပေ မယ့် မျက်လုံးတို့ ဆန့်ထွက်ပြူးကျယ်သွား သယောင်ယောင်။ အစ်ကိုကမူ တီဗီရှေ့တွင် နားတစ်ဖက် ရှေ့ပိုရောက်စေရန် လည်ကိုလိမ်၍ ဆောင့်ကြောင့်ငုတ်တုတ် ထိုင်နေရင်း ဘယ်လက်ဖ၀ါး မေးကိုပင့်ထောက် စိတ်ပါဝင်စား အာရုံမများလိုဟန်နှင့် ရှိ နေလေသည်။ အစ်ကို ဘာတွေများ ….
အိပ်ခန်းတွင်းဝယ် စိုးရိမ်ကြောင့်ကျ ပူပန်မှုကင်းရှင်းစွာ နှစ်နှစ်ခြိုက်ခြိုက် မက်မက်စက်စက် အိပ်မောကျနေသည့် သမီး နှင့်သားကို ငေးမောကြည့်နေမိသည်။ စိတ်ထဲမှလည်း တစ်စုံတစ်ရာ မသိနိုင်ရခြင်းကြောင့် လေးလေးပင်ပင် ဖြစ်လာ၏။ ပြန်စဉ်း စားမိသမျှ အခါကာလ အချိန်ကြာကပင် အစ်ကိုတစ်ယောက် သတင်းစာတွေမပြတ်ဖတ်၊ အလုပ်ခေါ်စာတွေကြည့်။ သက်ပြင်း တွေ ခါခါချ။ ဒါတွေတော့ ဖြစ်ခဲ့ဘူးသည်။ ခက်ကပြီ … လက်ရှိ အစ်ကို ၀ါသနာပါရာ အောင်မြင်နေသည့် စာရေးခြင်းအလုပ်၊ စာသင်ခြင်းအလုပ်တွင် ဘာများအခက်တွေ့နေရပါလိမ့်။ အစ်ကိုသည် ချစ်လှစွာသော ပါရမီဖြည့်ဘက်အပေါ် တစ်သက်လျာ လုံး အမုန်းမရှိ ပကတိပွင့်လင်း ရင်းနှီးတိုင်ပင် နှီးနှောခဲ့ပါလျက် ယခုတမူ …. ရင်ပူအောင် လုပ်ချေပြီလား …
+ + + + +
ကာလအတန်ကြာလာသော တစ်နေ့သ၌ …
ပညာအရာ လေ့လာဆည်းပူး သင်အံမကုန်နိုင်အံ့သော သင်တို့၏မိတ်ဆွေကြီးနှင့်ကျွန်ုပ် လက်ဖက်ရည်လေးတစ်ခွက် ၀ယ်သောက်စိမ့်ကြရန်အလို့ငှာ မဟာဗန္ဓုလပန်းခြံလမ်း ကုသိုလ်ဖြစ်ဆေးရုံလေးရှေ့ ယောက်လည်လည်လုပ်နေခိုက်။ ထိုဤ အခိုက်အတန့် ကာလလေးသ၌ –
“ဟေ့လူ ကိုမောင်ရင်ဂျက်ရ၊ ခင်ဗျား ကျွန်တော်တို့ကို အဆက်ဖြတ်ထားတာကြာပြီ၊ ဘာတွေများ လုပ်နေတာလဲ” ပိန်ရှည်ပိန်ရှည် ပုလင်းကွဲမှန် ကော်ကိုင်းမျက်မှန်မည်းနှင့် ပိုးဟပ်ဖြူ ကဗျာဆရာလေးက လေးလေးပင်ပင် အငမ်းမရ မေးလှာ သည်။
“အေးဗျာ၊ ခင်ဗျားဘာတွေ လုပ်နေတာလဲ။ ခင်ဗျား မလာတာကြာလို့ တွေ့ချင်တဲ့ ခင်ဗျားမိတ်ဆွေတွေ ကျွန်တော့်တိုက် ခဏခဏလာရှာနေကြတာ” အသားညိုညို သီချင်းဆိုတဲ့ အယ်ဒီတာလေးကလည်း အတွေ့ရကျဲသွားသည့်အတွက် မကျေမနပ် အားမလိုအားမရ ဖြစ်ကာနေသည်။
အနှီပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်၊ အကြင်သူတော်စင်တို့၏၊ ထို့ပြင်မခြား မိတ်ဆွေများတို့၏ ဆရာကြီးဂျက်သည် မပြောမဖြစ်၊ မရှင်းမဖြစ် ရှင်းရလင်းရတော့ပေမည်မို့ ကျွန်ုပ်အား ခွင့်ပန်သည့်ဟန် ဝေ့ခနဲဝိုက်ခနဲ တစ်ချက်ကြည့်တဲ့ပြီး သကာလအခါ၌ နှုတ် ခမ်းပြာနှစ်လွှာရှေ့ ညာလက်သီးစုဆုပ်ကာ ချောင်းတစ်ချက်ဟန့်၊ သည့်နောက် စကားတချို့ထစ်အ စီစဉ်မဲ့စွာ ပြောဆိုလေတော့ သတည်းဟူ။
“ကျွန်တော် အလုပ်ခေါ်စာတွေတွေ့ … ဖတ်၊ ဒီမှာ တွေ့ …လား။ ကျွမ်းကျင်စွာ ရေး …တတ်။ ဖတ် ..တတ်။ ရမယ်။ ပြောလည်း နိုင်ရမယ်။ ဒါမဟုတ် … မဖြစ်ဘူး။ ဒါ … အဲဒါ လုတို့မဂ္ဂဇင်းတွေ၊ အယ်ဒီတာမင်းတွေ အဲသလို ၀ကိုရေးခိုင်း တစ်နေ့ ရောက် …. ၀ဘယ်လိုလုပ်မလဲ။ ဒီလိုရေးခဲ့မှ စာမူလက်ခံမယ်ဆို ဂျက် ဘယ်လိုလုပ်မလဲ။ ၀ဂျက် …စာများများရေးပြီး ပေးနိုင်မှ ထမင်း၀၀ စားရမယ်လေ”
ထိုသရောအချိန်အခါ၌ ကျွန်ုပ်သည်ကား ဤမျှဤနှယ် အမြော်အမြင် ကြီးလှစွာသော မိတ်ဆွေတို့၏ ရှီးဖောမဟာ ဂျက် ဆရာဂုရုကို မလေးမစား မခန့်မထည်ပဲ အဘယ်မှာ နေနိုင်အံ့တော့မည်နည်း။
တွေ့ ….တွေ့ ….။
အားရာရား

~ by kaungphyo on September 7, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: