“စိန်ခဲမြခဲ … ထိန်ထိန်ကြဲ´´

“ဆရာကြီးလာပြီ ..မျက်လှည့်ပြတော့မည်´´
“ဆရာကြီးလာပြီ ..မျက်လှည့်ပြတော့မည်´´
“ဆရာကြီးလာပြီ ..မျက်လှည့်ပြတော့မည်´´

ကျွတ်ကျဲနေတဲ့ ၀ါးထရံပြဲကြားက ကလေးတွေရဲ့ ၀မ်းသာအားရအော်သံ။ `မည်´ နဲ့ အဆုံး သတ်တော့ သံပြိုင်ညီညာ စာဆိုနေ သလိုလို။ ဖုန်အလိမ်းလိမ်းထ မြေစိုက်စာသင်ခန်းလေး။ ကျောင်းရှေ့မျက်နှာစာတလျောက် ဖြတ်သန်းသွားတဲ့ လှည်းလမ်းကြောင်း။ သံလှည်းဘီးရာ ချိုင့်ခွက်ကျော်ခွပြီး ဆရာကြီးဦးပိန် ကျောင်းဝန်းထဲဝင်လာနေတယ်။ မည်းမည်း ညစ်ညစ် တိုက်ပုံအင်္ကျီအနားစလေး အညာလေပူမှာ တဖျတ်ဖျတ်လွင့်လို့။
အစီခံထိ မီးကြွမ်းနေတဲ့ သောက်လက်စ `၀င်း´သေးရှည်ဖက်ဆေးလိပ် မြေပေါ် ပစ်ချ၊ ရာဘာမြီးတိုနဲ့တက်အနင်း အမှန်းအဆလွဲပြီး ကွဲအက်နေတဲ့ ဖနောင့်သားမာမာကြီး ဆေးလိပ်မီးလောင်ပါလေရော။ ဆေးလိပ်မီး အပူကြောင့် ခြေလှမ်းပျက်သွားတဲ့ ဆရာကြီးကို ကလေးတွေ ဂရုမထားမိပါဘူး။ ပျော်လွန်းလို့ ဆရာကြီးလာပြီ … မျက်လှည့်ပြတော့မည် … ဆိုတာပဲ ဆက် အော်နေကြတယ်။
ပိစိကွေးတွေ ဆူညံပွက်လောရိုက်နေတဲ့ စာသင်ခန်းထဲ မျက်နှာထားတင်းတင်း ၀င်လာတဲ့ ဆရာကြီးဦးပိန်၊ ဆေးနက်သုတ်ထားတဲ့ ယမနေသား သင်ပုန်းကြီးကို ၀ါခြမ်းပြားနဲ့ သုံးလေး ချက် ပုတ်လိုက်တယ်။ ဆူသံညံသံ ခဏငြိမ်သွားတယ်။ စာသင်ဖို့ သင်ပုန်းစဖျက် တယ်ဆိုရင်ပဲ မျက်လှည့်ပြတော့မည် …ဆိုတဲ့အော်သံတွေ ပွက်ပွက်ဆူလာပြန်တယ်။ သုံးလေး ခွန်းနဲ့ မရပ် ဆက်အော် နေကြတော့ ….
“ဟေ့ကောင်တွေ … တော်ကြစမ်း၊ ရပ်ကြစမ်း´´
သင်ပုန်းကြီး တဗြန်းဗြန်းမြည်အောင် ထပ်ပုတ်လိုက်ရပြန်တယ်။ ဆရာကြီးအသံက ထန်ထန်ဆတ်ဆတ်ပေမယ့် ကလေးတွေ အကြောက်အလန့်မရှိ။ ကြွက်စီပွက်စီ လုပ်ချင်တုန်း။ ဒီအလှုပ်အရွလေးတွေ မသိချင်ယောင်ဆောင်ပြီး ဆရာကြီး ပိန် သင်ပုန်းအလယ်မှာ `၀လုံး´ ကြီးကြီးတစ်လုံး ၀ိုင်းချလိုက်တယ်။
“၀လုံး´´
တစ်ယောက်မကျန် စာအံတဲ့အသံ။ အမိဝမ်းကအထွက် `အူဝဲ´အော်ခဲ့ကြတာရယ်၊ သူငယ်တန်းအတက် `၀လုံး´လို့ ကြုံးကြုံးပြီး အော်နေကြတာရယ် လူသားရဲ့အစ ကနဦး အားမာန်တွေလို့ မြင်လိုက်မိတယ်။ ပန်းချီတော် ဆြာဝလုံးဆိုတာ ငယ်ငယ်တုန်းက ဒီလို ကြုံး အော်ခဲ့ဖူးလို့ ရှိမှာပါ။

+ + + + +

ကျောင်းနေစအရွယ်မို့ ကျောင်းတက်ချိန် မိဘတွေအိမ်ပြန်တော့ ငိုကြယိုကြ။ ဆူညံပွက်လောရိုက်။ နှပ်ထွက်အောင် ငိုရလွန်းလို့ မနက်စောစော အမေလိမ်းပေးလိုက်တဲ့ သနပ်ခါးထူပြစ်ပြစ်မှာ နှပ်နဲ့ မျက်ရည်တွေ။ သူရို့ လက်ဖနောင့်သေးသေး လေးတွေနဲ့ ဗုံ ပတ် စာ နယ်သလို နယ်ကြတော့ မည်းချိတ်ပေတူး။ ကြက်သားအုပ်မကြီးတောင်ပံ အပြင်ရောက် ကြက်ပေါက်စလေးတွေလို တစာစာအော်ရင်း ခိုကိုးရာမဲ့။ အခုတော့ ဆရာကြီးပိန်ရဲ့ မျက်လှည့် ခန်းမှာ အနာဂါတ် ရဲ့ ထူးချွန်ပြောင်မြောက်မယ့် ကျောက်ကောင်းလေးတွေ ရယ်မောပျော်ရွှင် တလက်လက်တောက်ပ။
သင်ပုန်းပေါ်က ၀လုံးကြီးအောက်ခြေ အ၀တ်စမည်းကြီးနဲ့ အသာတွန်းဖယ်ဖျက်လိုက် တယ်။ ဟောကြည့်။ ဆရာကြီးပိန် နောက်ဗျည်းတစ်လုံး တက်လိုက်ပြန်ပြီ။
“ဂငယ်´´ …..
ဒါကိုပဲ ကလေးတွေက မျက်လှည့်ပြတယ်ပြောတာ။ ဆရာကြီးပိန် ကလေးတွေကို စာသင်မယ်မပြောဘူး။ ဒီလောက်ငိုယိုနေကြတာ စာသင်မယ်ပြောရင် ဘယ်အငိုတိတ်မလဲ။ ဟေ့ ငိုနေတဲ့ကောင်တွေ အငိုရပ်ကြ၊ ဒီနေ့ မျက်လှည့်ပြမယ် လုပ်လိုက်တော့တာပေါ့။
သင်ပုန်းမည်းကြီးပေါ်က ဂငယ်ကို မြေဖြူနဲ့ပြန်ဆက်။ နောက်တစ်မျိုး ဖျက်လိုက်ပြန်တယ်။
“ငငယ်´´ …..
မည်းမည်းခြောက်ခြောက်မျက်နှာ၊ ချိုင့်ခွက်နေတဲ့ မျက်တွင်းနက်ထဲက မျက်လုံးပြူး ကြီး ၀င်းကနဲဖြစ်သွားပြီး ….
“ဟေ့၊ `င´ဆိုတာ တစ်သံတည်း။ မှတ်ထားစမ်း။ လိုက်ဆို … `င´
“င´´
တက်တက်ကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် အော်သံတွေ စီညံနေဆဲ `င´ကို ပြန်ဆက်ပြီး အပေါ်ဘက်ကို ဖျက်ပြလိုက်တယ်။
“ပ´´
ဗြန်း …ဗြန်း ….ဗြန်း ….
“ပစောက်´´
သင်ပုန်းကြီးပေါ် ၀ါးခြမ်းပြား တဗြန်းဗြန်းရိုက်သံအဆုံး ကလေးတွေ နောက်တစ်ကြိမ် ထပ်ဆိုတယ်။ စာသင်ခန်း ၀ါးထရံ မဟုတ်ဘူး၊ အမိုးဝါးကပ်တွေ လန်သွားအောင် အော်ဟစ် နေကြတာ။ ဆိုကြစမ်း၊ အော်ကြစမ်း။ သစ်သားသင်ပုန်းကြီး ဗြန်းဗြန်းမြည်လို့။ မြေဖြူမှုန်တွေ တဖွားဖွားလွင့်လို့။ ဗွမ်းကနဲ ဂေါ်နဲ့ပက်တင်လိုက်တဲ့ မြေစာထဲက ကျောက်ကောင်းလေးတွေ၊ အရောင်လက်လက်လေးတွေ ငေးကြည့်ရင်း ဆရာကြီးပိန် သွားကျိုးတွေပေါ်အောင် တဟဲဟဲ ရယ်လို့။ ဟစ်ဟော့ပ် ဂီတစင်မြင့်ပေါ်က လူငယ်ဂီတသမားလေးတွေလို မြူးကြွစိတ်အဟုန်နဲ့။

+ + + + +

“ဆရာကြီးလာပြီ ..´´
“ဆရာကြီးလာပြီ ..´´
“ဆရာကြီးလာပြီ ..´´

မည်းမည်းညစ်ညစ် ကွမ်းချေးအရစ်ရစ်ထနေတဲ့ သုံးဆယ့်နှစ်ချောင်းပေါ်အောင် အော်ပြောလိုက်တဲ့အသံကြောင့် ခုံတန်းလျားတွေမှာ စုရုံးထိုင်နေကြတဲ့သူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ ကြွက်စီပွက်စီ နိုင်ကုန်တယ်။ တချို့ကလည်း တွဲကူထူမ နေရသေးတာကိုး။ ဒီ ခုံတန်းလျားတွေက ပလက်ဖောင်းမှာ ဆရာကြီးကား လျောကနဲငြိမ့်ကနဲ ၀င်ရပ်နိုင်အောင် နေရာဦးထားတာ။ ကားလာတော့ ခုံရွှေ့မယ်။ ဒီလမ်းထဲ ကားချိုးကွေ့မ၀င်ခင်ကတည်းက ဆရာကြီးကားမောင်းတဲ့ ဒရိုင်ဘာက ဟန်းဖုန်းနဲ့ ကြိုဆက်လိုက်တာ။ နေရာဖယ်ပေးထားပေါ့။
လေးဘီးလုံးမောင်းနှင်နိုင်သည်ဆိုတဲ့ မှန်လုံပိတ်၊ အဲကွန်းဖွင့် ကားဖြူကြီး နီယွန်မီး တွေ တလက်လက်တောက်ပနေတဲ့ ဆေးခန်းကြီးရှေ့ သိမ့်ကနဲ ထိုးရပ်လာတယ်။ လည်စီးတွေ၊ ဘွတ်တွေနဲ့ အနောက်တိုင်းဝတ်စုံကို အနောက်တိုင်းသားလို ဟန်ကျပန်ကျ ၀တ်ဆင်ထားတဲ့ ဆရာကြီး အေးစိမ့်နေတဲ့ မှန်လုံခန်းကားဖြူကြီးပေါ်က ဆင်းလာတဲ့ပြီး လူနာမင်းပရိတ်သတ် အလယ် တစ်ဒေါက်ဒေါက် ဖြတ်လျှောက်။
`ဆရာကြီး …လာပြီ…´ တီးတိုးပြောဆိုသံတွေ ဆင့်ကမ်းသွားတာနဲ့အမျှ လူနာတွေ ဆရာကြီးအခန်းဝ တန်းစီတိုးခွေ့ ပြီးဖြစ်သွားတယ်။ မျက်စိတစ်မှိတ် လက်ဖျစ်တစ်တွတ်။ ဘတ်စ်မှာ လက်မှတ်ရောင်းတွေ လူအတင်အချလုပ်သလိုမျိုး … ဟောတစ်ယောက်၊ ဟော.. တစ်ယောက်။ လက်ဖြားလေး၊ နားကြပ်ဖြားလေးနဲ့ အတို့အထိခံပြီး ပြန်ထွက်လာကြတယ်။ ဆရာကြီး အခန်းက ထွက်လာပြီး ဆေးကောင်တာ သွားရပါတယ်။ ဒီနေရာမှာတော့ ၀ယ်ရတဲ့ ဆေး အမယ်များတဲ့အပြင် တစ်ပတ်စာ၊ တစ်လစာ၊ တစ်နှစ်စာ ၀ယ်နေရတာကြောင့် တစ်ယောက်, တစ်ယောက် တော်တော်ကိုကြာပါတယ်။

+ + + + +

မိုးစိုပြီးနေထိတဲ့ ပဲစဉ်းငုံရိုးခြောက်လို ပိန်လှီမည်းခြောက် အစက်အပြောက်တွေထနေ တဲ့ ဆရာကြီးပိန်လည်း တန်းစီတဲ့ အထဲပါတယ်။ တိုကင်နံပါတ် ရာကျော်နေသမို့ ထိုင်စရာမရှိ ရပ်နေရတာကလည်း ခါးလည်ကထက်ပိုင်းကျိုးကျလုမတတ်။ နွမ်းဝေမူးနောက် အသက်ရှူမ၀ နိုင် ဖြစ်နေတာမို့ တိုကင်ခေါ်သံကြားရအောင် မဒမ်ပိန်ကို တန်းစီမှာထားခဲ့ပြီး ဆေးခန်းအပြင် ထွက်ခဲ့တယ်။ ထိုင်ခုံအပြည့်သာ လူတင်သည်ဆိုတဲ့ ဘတ်စ်တွေထက်ကြပ်တဲ့ ဆေးခန်းကြီး ပါ လား ဟရို့။
ဆေးခန်းအ၀င် ရေစိုပြီးကြွရွနေတဲ့ ဂမုန်းအိုးကြီးတွေခြေရင်း ရာဘာဖိနပ်မြီးတို ဖင်ခု ထိုင်လိုက်တယ်။ ချွေးစေးတွေ စေးထန်းသွေ့ခြောက်သွားတဲ့အထိ ပန်းအိုးကို ပုခုံးနဲ့မှေးပြီး မှိန်းနေတုန်း နားစည်ထဲကြွက်တိုးသလို ယားကျိကျိအသံ တိုးဝင်လာတယ်။
“အမား ဘက်ချိBed Sheet နဲ့ စရင်း Syrun တွေရပြီလား´´
“ဟဲ့၊ သေနာကျ …။ ဒီလောက်လူရှုပ်နေတာ။ ဆန်းဒေးမှ လာပါလား´´
“ဆောဒီး …အမား။ ဆောဒီး ….´´

+ + + + +

ဆရာကြီးပိန် အိမ်ရှေ့ကပြင်မှာ ခွေခွေလေးလှဲအိပ်နေတယ်။ ကြပ်ခိုးမှိုင်းမှောင်နေတဲ့ မီးဖိုဆောင်ထဲ ထမင်းရည်ခံနေတဲ့ ကွမ်းတ၀ါးဝါး မဒမ်ပိန်က …
“ညနေကျ ဆေးခန်းထပ်ပြလိုက်ရအောင်ပါတော်´´
“နင်တို့ … ပိုက်ဆံ အဆင်ပြေလို့လား´´
“အို … တော့်ကျန်းမာရေး ပိုအရေးကြီးပါသတော်´´
“ဘယ်သွားရှာမလို့လဲ´´
“ဟိုက ဒီက၊ ခဏလှည့်ရမှာပေါ့။ ရော့ရော့၊ အားပြည့်သွားအောင် ထမင်းရည်ပူပူလေး မှုတ်သောက်လိုက်ဦး´´
“အေးပါဟာ …. …. ´´
ကလေးငယ်တွေကို မျက်လှည့်ပြကျွမ်းကျင်ခဲ့တဲ့ ဆရာကြီးပိန်၊ မဒမ်ပိန်လိုတော့ လက်လှည့်မကျွမ်းကျင်ပါဘူး။ စိုထိုင်းနေတဲ့ ၀န်းကျင်ရဲ့အနံ့အသက် ပင့်သက်နဲ့ငေးမော။ အေးပါဟာ …. လေသံပြော့လေးလည်း ညနေခင်းရဲ့ချဉ်စူးစူးလေထုထဲ စူးဝင်နစ်မြုပ်။

+ + + + +

ဒီတစ်ကြိမ်တော့ ဆရာကြီးပိန် ကံကောင်းပြီ။
အခုမှ သူ့ရောဂါ သူပြချင်တဲ့ဆရာကြီးနဲ့ ပြရပြီ။ ဟိုတစ်ပါတ်မှာတော့ တိုကင်နံပါတ် သာမက၊ တိုကင်ရက်ပါဝေးနေလို့ ကြုံရာကျပန်း ပြလိုက်ရတယ်။ နောက်တစ်ပါတ် ဆက်သွား တော့ ဆရာကြီး ရိပ်သာဝင်နေတာနဲ့ သွားကြုံတယ်။ နောက်တစ်ခါ `ဒီနေ့ …ဆရာကြီးသမီး မွေးနေ့ရှိလို့ လူနာ အယောက်တစ်ထောင်ပဲ ကြည့်ပါမယ်။ တစ်ထောင့်တစ်ကစပြီး နောက်သုံး ပတ်ခွာ ချိန်းပါ့မယ်။ တိုကင်တွေ အရမ်းများနေလို့ပါ´တဲ့။ မိုးကြိုး အတည့်လိုက်ပစ်။ ယုံပါဗျာ။ သုံးပတ်မစောင့်နိုင်တဲ့ ဆရာကြီးပိန်ကတော့ ဆေးမီးတိုနဲ့ ပြီးလိုက်ပါတယ်။
စမ်းသပ်ခန်းထဲမှာ ဆရာကြီးကို ဖြစ်ကြောင်းရယ်ကုန်စင် နတ်သံနှောပြီး ဒီဂျေဆွဲလိုက် ချင်ပေမယ့် အတို့အဆိတ်လေးနဲ့ ထွက်လာခဲ့ရပါတယ်။ ကိုယ်က Exam Bed ပေါ် တက်လှဲတဲ့ အချိန် နောက်လူနာတစ်ယောက်ခေါ်သွင်းထားပြီလေ။ စားဆေးသောက်ဆေး တစ်မျက်နှာပြည့် ရေးနေတဲ့အချိန်ပဲ နည်းနည်းကြာတယ်။ စိတ်လည်းနောက်၊ အိပ်လည်းပေါက်နေတာမို့ ဆေး မ၀ယ်ပဲ ပြန်မယ်လုပ်ပေမယ့် ဆေးမှတ်တမ်းစာအုပ်က လူနာနဲ့တပါတည်း ပြန်ပေးလိုက်တာ မဟုတ်။ စမ်းသပ်ခန်းကနေ ကောင်တာကို တိုက်ရိုက်ရောက်သွားတာ။ ဒါနဲ့ပဲ ဆေးကောင်တာ မှာ တစ်ရက်စာပဲပေးပါ သမီးရယ်လို့ တောင်းတောင်းပန်ပန် လုပ်ခဲ့ရတယ်။
ကောင်တာကအထွက် ခပ်သော့သော့ရေးထားတဲ့ အေဘီစီဒီလေးတွေ ကြိုးစားပြီး ဖတ်ကြည့်မိတယ်။ ဒါကိုမြင်တဲ့ လူနာရည်ဝနေတဲ့ ပွင့်မော်ဒယ်ကြီးတစ်ယောက် ဆရာကြီးပိန် အနားကပ်လာပြီး …
“အဘ … ဖတ်မနေနဲ့။ သူရို့ Chemical Name မရေးတော့ဘူး။ Trade Name, Company Name ပဲ ရေးတော့တာ´´
“သြော် … သြော် …´´
အပြင်မှာ ဆေးဝယ်ဖို့ မလွယ်တော့။ ဆေးကောင်တာရောင်းဈေးအတိုင်း ၀ယ်နိုင်သ လောက်သာ ၀ယ်တော်မူကြပါကုန်လော့။ တစ်ရက်စာ ၀ယ်လာတဲ့ ဖန်တက်စ်စစ်ကာလာစုံ ဘယ်လိုပုံ၊ ဘယ်လိုဝါး၊ ဘယ်လိုမျိုရမှန်း မသိတာကြောင့် ဆေးမှတ်တမ်းစာအုပ်ညိုလေး မဒမ်ပိန့်လက်ထဲဖျစ်ညှစ်ထိုးထည့်ပြီး ကောင်တာသွားမေးဦးကွာ လုပ်လိုက်တယ်။ တစ်နာရီ ကျော် ရပ်စောင့်နေခဲ့ရတာမို့ နွမ်းဖတ်ပြီး မဟန်နိုင်တော့ဘူး။ ဖင်ထိုင်ချဖို့ နေရာလေး တစ်နေ ရာ ကြိုးစားပြီးရှာကြည့်မိတယ်။ ဆရာကြီး ကားရပ်ထားလို့ ထားစရာမရှိတဲ့ ခုံတန်းလျားတွေ ဆေးခန်းထောင့် စုပုံထပ်ထားလို့ ထိုင်လို့မရ။ မောင်ဗဒင်သာ ရှိရင် `တစ်နေရာစာ ကိုယ်ဦး ထားတယ်´ ဆိုပြီး ကျေးဇူးပြုမှာပါ။ ဆရာကြီးပိန် မချိမဆန့်အတွေး အဆုံး …..
“ရှင် …ဒီနေ့ ကံကောင်းတယ်မှတ်ပါ´´
“ဟေ …´´
တယ်လည်းဟုတ်တဲ့ ကံပါလား။
“ရှင် အရင်ပြတာ သူ့သားတဲ့´´
“M.Sc ပြီးလို့ ဆေးခန်းလာထိုင်နေတာတဲ့´´
“ဟေ ….´´
“အခု၊ အရင်က သားဆရာဝန်ပေးလိုက်တဲ့ဆေးတွေ အကုန် Off လိုက်ပြီ´´
“Omit ပါကွာ´´
“သိဘူးလေ၊ ကောင်တာက ပြောသလိုပြောတာ´´
“ဟဲ့ .. သူတို့ Nursing တွေ မဟုတ်လား´´
“မနက်ခင်း … ထမင်းချက်၊ ဈေးသွား၊ အ၀တ်လျှော်။ ညနေခင်းဆေးခန်းဝင်ကူဖို့ တောကခေါ်ထားတဲ့ မိတ်ဖု Maid လေးတွေတဲ့´´
“ဟေ´´
“ဟေ …မနေနဲ့။ ဒီတစ်ခါ ဆရာကြီးကိုယ်တိုင်ပေးလိုက်တဲ့ဆေးပါနော်။
တော် သက်သာလာမှာပါ။ ပိုက်ဆံကုန်တာ သမြောမနေနဲ့´´
မနှမြောပါဘူးကွာ။ ဒါပေမယ့် အခုနေအချိန် ငါသာ ကလေးငယ်တွေနဲ့ စာသင်ခန်း ထဲပြန်ရောက်နေမယ်ဆိုရင် တစ်ယောက်ယောက်ကိုတော့ ၀ါးခြမ်းပြားနဲ့ စပ်စပ်လေး ရိုက်မိ မယ်ထင်တယ်။ ၀ိုးတ၀ါးနိုင်လွန်းလှတဲ့မြင်ကွင်း ဆ၀ါးဝါးငေးကြည့်ရင်း ဆရာကြီးဦးပိန် စိတ်ရောက်နေတာက ရောဂါတစ်ဝက်သက်သာသွားဖို့ထက် ချေးငှားလာတဲ့ပိုက်ဆံ မြန်မြန် ပြန်ဆပ်နိုင်ဖို့။
ဆရာကြီးဦးပိန်ဆိုတာ အားကုန်သွားတဲ့ ဓာတ်ခဲတစ်ခဲ။ အလင်းတွေ မကျဲပက်နိုင်တော့ ကုန်စိမ်းဘန်းထဲ ဖင်ပိန်ခါးချိုင့် အလေးဓာတ်ခဲ။ မဒမ်ပိန်သာ နှုတ်ပြန်ပက်တတ်တဲ့အလေ့ရှိရင် ဒီလိုများလားမသိ။
“အို …တော်တို့က ကလေးငယ်ငယ်တွေကို မျက်လှည့်ပြနည်းကအစ သင်ပေးလိုက်တာကိုး´´

အားရာရား

ကျွန်တော့်သူငယ်တန်းဆရာ
ဦးသောင်းနိုင် @ ကုလားဆရာကြီး @ ဆရာကြီးဦးပိန် (အထက၊ မလှိုင်)
အတွက် အမှတ်တရ ရေးဖွဲ့ပါသည်။

~ by kaungphyo on January 28, 2010.

One Response to ““စိန်ခဲမြခဲ … ထိန်ထိန်ကြဲ´´”

  1. အရင်က ဆေးလောကသားတွေရဲ့ အစပ်မတည့်နိုင်တာလေးတွေ စိတ်မချမ်းသာစွာ မြင်ရပြီး …. သရော်ချင်လို့ ရေးခဲ့ပါတယ်။ ဒါလေးကိုပဲ ပြင်လိုက်ပြီး လက်ရှိအခင်းအကျင်းလေးထဲက ၁၅၀၀ တန်း ဆင်းမ်ကဒ် ကိစ္စလေးအတွက် “မျက်လှည့်ပြတဲ့ ဆရာကြီး ဦးသောင်းနိုင်” ဆိုပြီး ပြန်ရေးမိပါတယ်။ ပြီးတော့ မလှိုင်မြို့က သတ္တမအကြိမ်မြောက် မြတ်ဆရာ ကန်တော့ပွဲ (၂၁-၁၀-၂၀၁၃/ တနင်္လာနေ့) ရဲ့  နံရံကပ်စာစောင်မှာလည်း ထည့်ချင်လို့ ပြင်ရေးလိုက်တာပါ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: