ဈေးတက်သွားတဲ့ အီကြာကွေး

ဈေးတက်သွားတဲ့ အီကြာကွေး
(အားရာရား)

မှတ်တိုင်ကို မြင်းရိုင်းတစ်ကောင်လို ကမူးရူးထိုးပြေးဝင်လာသည့် အဲကွန်းနွေးနွေး ဘတ်စ်ကားတစ်စင်းအပေါ် အဆင်းလူတွေ ကြားထဲမှ အတင်းတိုးဝှေ့တက်လိုက်မိသည်။ ခေါင်းကြီးဖင်သေး ပုရွက်ဆိတ်တစ်ကောင်လို လူတစ်ယောက် ဥက္ကလာကို နံနက် စောစော အရောက်သွားလိုစိတ်က အသော့နှင်နေ၏။ ဂုရုကြီးကို ဒီကနေ့မှ မတွေ့ရလျင် အောင်စိန့်ဆန္ဒပြည့်ဝအံ့မထင်။
ဘတ်စ်ကားက မောင်းတော့လည်း အမောင်းကြမ်းသလို မှတ်တိုင်တိုင်းမှာ အရပ်ကြမ်းနေတာကြောင့် ဂုရုကြီး ဗဟု လောကသို့ သုတအလို့ငှာ ထွက်ခွာမသွားမီ အချိန်မီရောက်လိုလှသည့်စိတ်အခံနှင့် အောင်စိန့်တမူ ရင်ပူဆူဝေနေလှပြီ။ အကျိုး နည်း အရေးထဲ ဘတ်စ်က မှတ်တိုင်မှာ ခွာတရှပ်ရှပ် ပေကပ်ကပ်လုပ်နေလေ၏၊
လက်မှတ်ရောင်းကလည်း မတ်ရပ်ကျဲပါးသေးသည့် နံနက်စောစော ဘတ်စ်ဝမ်းခေါင်းကို ရွှေမျက်နှာတော်မသာမယာ ဖြင့် စောင်းငဲ့ကြည့်ရင်း …`စိန့်ပေါလ် …. သိမ်ဖြူ …. မင်္ဂလာဈေး …. တောင်ဥက္ကလာ´ မှတ်တိုင်များ သံရှည်ဆွဲအော်ဟစ်ရင်း ကွမ်းတဖွီးဖွီးဂျော်ကီကို ဇက်ဆွဲခိုင်းထားသည်။
“ဟေ့ကောင်တွေ မောင်းတော့ကွာ´´
အောင်စိန် အော်လိုက်ခြင်းမဟုတ်ပါ။ သို့သော် အနှီပုဂ္ဂိုလ်သည် မိမိလိုပင် ခရီးတစ်ခုအတွက် ရင်ပူရင်ဆူနေသူ ဖြစ် လောက်ပါသည်။
“ဘာပြောတာလဲ၊ စီးပွားရှာနေတာဗျ။ ရှေ့မှာလည်း ကားတွေထပ်နေတယ်။ ခင်ဗျား မောင်းခိုင်းတိုင်း မောင်းရမှာ လား´´
အခြေအတင်တွေနှင့် ထိုးလားကြိတ်လားဖြစ်ကြရင်ဒုက္ခ။ အောင်စိန့်ခရီးစဉ် ပိုလို့ပင် နှောင့်နှေးကြန့်ကြာရတော့မည်။ ကားကလည်း မထွက်နိုင်။ မကျေနပ်သံတချို့ တိုးတိတ်စွာထွက်လာပြန်သည်။ မိမိကမူ မဟရဲ။ သတ္တိမရှိ။ လက်ကိုင်တန်းကိုင် ရပ်နေရင်း အလကားနေအလကား စိတ်ထဲက နှစ်ဖက်မျှတအောင် စဉ်းစားခန်းဝင်နေလိုက်၏။
တစ်ဖက်ကလည်း သွားလိုရာခရီးကို ငွေကြေးသက်သက်သာသာနှင့် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်သွားလိုသည်။ သူရို့အဲကွန်းနွေးနွေးကြီးထဲ ချွေးပြန်အောင် ပေါင်းတင်ခံနေသည်ကိုမလိုလား။ ကိုရီးယား မိတ်ဆွေများလာလည်လျှင် ချွေးထုတ် ခန်းဆိုပြီး ပိုက်ဆံနှစ်ရာဖြင့် ဧည့်ခံလိုက်နိုင်ပါသည်။
တစ်ဖက်ကလည်း သတ်မှတ်ခွင့်ပြုထားသည့် ကောက်ခံရမည့်ယာဉ်စီးခနှုန်းထား။ နေ့စဉ်ပြည့်မီရမည့် အ၀ိုင်းကြေး။ လိုင်းကြေး ဘာကြးညာကြေး၊ ကွမ်းယာဆေးလိပ်ဖိုး တွက်ကြည့်တော့တရှည်တမြောကြီး။ ညနေကားသိမ်းချိန် ပိုက်ဆံအပ်တော့ ဒုက္ခရောက်ရပေတော့မည်။ လက်မှတ်ရောင်း တစ်နေကုန်မတ်တတ်ရပ်ကြေးလေးပင် ကျန်မည်မဟုတ်။ သို့မို့ကြောင့် လူတွေကို လူတွေလိုသဘောမထား။ အတောင့်လိုက်စီတန်းချထားလို့ရသည့် အပျော့ထည်ရာဘာရုပ်များပမာ၊ စိတ်ခံစားမှု မရှိသူများပမာ ဆက်ဆံပစ်လိုက်ရင်း ကြပ်နိုင်သမျှကြပ်။ ဖိသိပ်နိုင်သမျှ ဖိသိပ်။
အဲဒီတော့ ၀န်ဆောင်မှုပေးသူနှင့် ၀န်ဆောင်မှုရယူသူ ထိုနှစ်ဦးနှစ်ဖက်အကြား၊
သူ့ဆန္ဒ ကိုယ့်ဆန္ဒ မညီမျှတော့။ သူ့အတ္တ ကိုယ့်အတ္တ တွန်းကန်ကြ။
+ + + + +
ယိုင်ရွဲ့ရွဲ့သစ်သားဝန်းထရံ၊ သွပ်မိုးအိမ်နိမ့်နိမ့်လေးရှေ့အရောက်။ ယခုထိ စိတ်နှလုံး ဒုံးဒုံးမချနိုင်သေးသည့် အောင်စိန် တစ်ယောက် ပူပန်ကြောင့်ကြစွာ ခြံတံခါးဝက ကြေးခေါင်းလောင်းအိုလေးကို အသာပုတ်ခတ်လှုပ်ခါမည့်အလုပ် ….
“ဟေ့ …ငပျော့၊ အီကြာကွေးတစ်ချောင်း သွားဝယ်ချေကွာ´´
“ဟာဗျာ၊ ဂုရုကြီးကလည်း ကိုယ့်ဘာသာပြန်ဝါးစားလိုက်ပါလား´´
“သေနာကျ၊ တံခါးခုသစ်တုံးနဲ့ကောက်ထုလိုက်လို့ ဟိုက်ရှာလပတ်ရည် မအော်နိုင်ဖြစ်သွားမယ်´´
“ဂုရုကြီး ဆိတ်ချည်းပဲ။ ပဲပေါင်းလေးပါ ၀ယ်ခဲ့မယ်´´
“နင့်ကြီးတော်က ငါးကျပ်သားဆို တယ်မရောင်းချင်တော့ဘူး။ အီကြာကွေးတစ်ချောင်းပဲဝယ်ခဲ့´´
“နို့ …ဒီမှာ ဆရာတပည့်နှစ်ယောက်ရှိတာ ခုလုကြီး အတ္တကြီးလှချေလား´´
“ချွေတာရမယ်ဟေ့။ အသက်သုံးသောင်း …သုံးသိန်းပြည့်အောင်နေရဖို့ နောင်ရေးကရှိသေးတယ်။ ဒီတော့ နင်နဲ့ငါ မျှ မျှတတ တစ်ယောက်တစ်ခြမ်းစားလို့ရတဲ့မနက်စာက ဒီတစ်ကွေးပဲရှိတယ်။ သွား … စာကလေးခေါ်ပြီး ဆိုက္ကားနဲ့သွား။ ဆယ်ရပ် ကွက်ဈေးသွားဝယ်´´
“ဂုရုကြီး အီကြာကွေးစားချင်တာဖြင့် လမ်းထိပ်မှာတင်ရရဲ့သားနဲ့´´
“မာကျူရီငပျော့က တယ်မလင်းပါလားကွ။ ဟ ဟ …။ မနေ့ညက တစ်ညလုံးမအိပ်ပဲတွက်ထားတာ ငါးကွက်ရတယ်။ ဒီ တတိယကွက်က `အာ´ရမှာ။ သွား သွား … မြန်မြန်သွား။ ဆယ်နာရီကျော်ရင် ရမှာမဟုတ်တော့ဘူး´´
“ခုလုကြီး စားစရာတော့မရှိဘူး၊ လျော်စရာတော့ရှိတယ်´´
“ထပ်သရီး၊ နိမိတ်မရှိ၊ ဖွဟဲ့ လွဲစေ ချော်စေ။ တယ် ငါ ဆဲလိုက်ရ´´
တပည့်ကျော်ဟာကြူလီပျော့သည် ရေလဲနံငယ်ပိုင်းသာသာ ပုဆိုးညစ်တိုနှင့်၊ နံရိုးပြိုင်းပြိုင်းခါးကိုင်းကိုင်း ပေါ်သည်ထိ တွဲလဲကျနေသည့် စွပ်ကျယ်ဟုခေါ်ဆိုနိုင်သေးသည့် အဆင်တန်ဆာနှင့် ခတ်သုတ်သုတ်ထွက်လာရင်း အိပ်ပေါက်ဝရပ်နေသည့် အောင်စိန်ကို စောင်းငမ်းငမ်းကြည့်ကာ တွန်းတိုက်ထွက်သွားလေသည်။
+ + + + +
“အိမ်း …ဆိုစမ်းပါဦး၊ မောင်ရင့်လာရင်းကိစ္စ´´
“ဒီလိုပါ ခင်ည …´´
အောင်စိန့်အသံက ဂုရုကြီးကိုဖူးတွေ့စမို့ အကြောက်လွန်ကာ ညောင်နာနာ ဖြစ်နေသည်။
“မောင်ရင် … ပြောစရာရှိတာ ရဲရဲတင်းတင်းပြော၊ လိုရင်းတိုရှင်းပြော။ ချေးဖို့ငှားဖို့ဆိုရင်တော့ မြန်မြန်သာပြန်ကြွလေ ရော့။ ကျုပ်တို့ဆရာတပည့်နှစ်ယောက်လည်း ဖွတ်ကလိဒင်္ဂါးပြတ်လပ်နေသမို့ နွှာစားလို့ရတဲ့ အီကြာကွေးပဲ တစ်ချောင်းတည်း သွားဝယ်နေတယ်´´
“ဟုတ် .. ဟုတ်ကဲ့။ စိတ်မဆိုးရင် ပြောချင်ပါတယ်။ ကျွန်တော်က ဂုရုကြီးရဲ့ စာဖတ်ပရိတ်သတ်ပါ´´
“အိမ်း … ကောင်းလပြီ၊ ဆက်ပါဦး´´
“ဂုရုကြီးရဲ့ အသော့အထေ့လေးတွေ စုစည်းထုတ်ဝေခွင့်ရချင်လို့ပါ´´
“အနို့ နေပါဦး၊ ကျုပ်က မောင်ရင့်ကို မသိဘူး။ စာပေနယ်ထဲမှာလည်း တစ်ခါမှ မမြင်ဖူးဘူး။ ကျုပ်ကိုတော့ အသက် သုံးထောင်ဂုရုကြီး။ အိုကြီးအိုမဆိုပြီး လာတစ်ပတ်ရိုက်မယ် မကြံနဲ့နော်။ ငြှင်း … ငြှင်း … မောင်ရင်လေး ငယ်ပါသေးတယ်´´
“ဟုတ်ပါတယ် ဂုရုကြီးခင်ဗျာ၊ ကျွန်တော်အရင်က တရုတ်တန်းမှာ ပေါက်စီရောင်းပါတယ်။ အခုတော့ မိတ်ဆွေ စာရေးဆရာတစ်ယောက်က နေပူထဲမီးဖိုကြီးနဲ့ ပေါက်စီရောင်းနေတာထက်စာရင် အရိပ်ထဲရေသောက်ဗိုက်မှောက်ပြီး စာပေရေး သားနေတာက ဇိမ်ရှိဦးမယ်ဆိုလို့ ပိုင်ဆိုင်သမျှ ပေါက်စီပေါင်းချောင်လေး၊ မီးသွေးမီးဖိုလေး ရောင်းချပြီး စာပေနယ်ထဲ ၀င်လာ တာပါ´´
“နိပ်သဟ။ ဒါနဲ့ မောင်ရင်က စာရေးမှာလား။ ထုတ်ဝေရေးလုပ်မှာလား´´
“ကျွန်တော်ပထမဆုံးအနေနဲ့ ထုတ်ဝေရေးလုပ်ချင်ပါတယ်´´
“မောင်ရင်က အခုပထမဦးဆုံးထုတ်ဝေမှာပေါ့။ အဟေးဟေး … ပေါက်စီစာပေမှ စီစဉ်တက်ဆက်လိုက်သော အီကြာ ကွေး။ တခြားသူတွေတော့မသိဘူး။ ဘုစုခရုလေးတွေတော့ အတော်သွားရည်ယိုမှာပဲ´´
“မနောက်ပါနဲ့ ဂုရုကြီး´´
အောင်စိန် အကြောက်အလန့်မရှိတော့။ အတည်ပေါက်ပြောလိုက်သည်။ ဂုရုကြီးလည်း ဖွတ်ကလိဒင်္ဂါး ပြတ်လတ်နေ သည်မဟုတ်ပါလား။
“ကျွန်တော် ဂုရုကြီးကို လေးစားရင်းစွဲလည်းရှိတာမို့ ဖော်တီးပါစင့်န်ထိ ခန့်မှန်းထားတာနော်´´
“အလိုလေးလေ့၊ ၀မ်းသာလိုက်တာ။ ပျော်စရာရှိ တစ်ယောက်တစ်ခြမ်းဝေမျှတဲ့။ အဲ့ ..အဲ့ … စကားကောင်းနေလိုက် တာ တပည့်ကျော်ငပျော့ သွားတာကြာလိုက်တာ။ ခိုင်းလိုက်တာမရလို့များလား မသိဘူး´´
+ + + + +
“ဟဲ့ …. မတ်စိ´´
တံခါးရွက်ခတ်ကြမ်းကြမ်းတွန်းဖွင့်သံကြောင့် ဂုရုကြီး၏အသက်သုံးထောင်လိပ်ပြာငယ်ကလေး လှိုက်ဖို၍မဆုံးသေး ခြေသံပြင်းပြင်းနင်းလာသည့် ဟာကြူလီပျော့သည် အောင်စိန့်ကိုမမှု၊ သခင်ဆရာဂုရုကြီးထံ တည်မတ်စွာလျှောက်လှမ်း ပြီး သကာလ …
“ရော့အင့် ခင်ဗျားကြီး ပိုက်ဆံ´´
“ဟဲ့ … သကောင့်သား၊ ဧည့်သည်ရှေ့ နင် မိုက်ရိုင်းလှချည်လား။ ငါဆရာ မလိမ္မာညံ့ဖျင်းရာကျတော့မယ်´´
“မလိမ္မာတာ … ခင်ဗျားကြီးဗျ´´
“ဟေ … ငပျော့ ပြောလေကဲလေပါလား။ ဒါနဲ့ ဘယ်မလဲ အီကြာကွေး။ သွားလိုက်တာလည်း ကြာဆိုလွန်ပါရော။ ဗိုက်ဆာလှပြီကွ´´
“ဂုရုကြီး … ခင်ဗျားကြီး အိုင်တီကွေးမဟုတ်တော့ဘူး။ ခုလုကွေးပဲဖြစ်တော့မယ်။ ခင်ဗျား နားမျက်စေ့ပိတ်နေပြီ။ စာကလေးလဲ မရှိဘူး။ အခု without တွေဖမ်းနေလို့ ဆိုက္ကားကို အိမ်နောက်ဖေးစောင်ခြုံထားရတယ်´´
“ဟ၊ ဒီကောင့် ဆိုက္ကားက လိုင်စင်နဲ့ပါ´´
“ဟုတ်တယ်။ အရင် လိုင်စင်ဘီးက ရှောဘရားသားဖြစ်သွားပြီ။ ဆယ်ရပ်ကွက်ဈေးသွားခိုင်းတိုင်း ခင်းဗျားကြီး ဖရီးကစ်လို့ရတဲ့ ဆိုက္ကားမာစတာ စာကလေးခေါ်သွားလုပ်တော့ … ဟိုအကောင်က ငါလည်းနည်းနည်းပါဦးမယ်၊ ငါလည်း နည်းနည်းပါဦးမယ်….နဲ့ ပါသွားလိုက်တာ အခုလိုင်စင်မရှိတော့ဘူး။ အဲဒါ ခုလုကြီး အပြစ် …´´
“ဟာကွာ … လူတင်ပါလို့ နွားကျားကိုက်ပါကွာ။ ကဲ … ဒါခဏထား။ ဘယ်မလည်း အီကြာကွေး´´
“ဂုရုကြီး ခင်ဗျား ပိုက်ဆံတစ်ရာက အီကြာကွေးဝယ်လို့မရတော့ဘူး။ အခု တစ်ချောင်း တစ်ရာ့ငါးဆယ်တဲ့။ ခင်ဗျားကြီး အဲဒီပိုက်ဆံပဲ ရေနဲ့မျိုချလိုက်´´
“ဂလု … ဟိုက်ရှာလပတ် …´´
+ + + + +
ဂုရုကွေးသည် မသက်မသာ မသာမယာ မအီမလည် မကြည်မလင် မရွှင်မပြုံး မျက်နှာပေါ်ကအပူလုံးကို ဟန်လုပ်ဖုံးကွယ် ….
“အိမ်း … ထားလော့၊ ထားလော့ … ရှိပစေတော့။ ကဲ … မောင်ရင်လေးနဲ့ကျုပ် ခုနင်က စကားဆက်ကြဦးစို့´´
“ဟုတ်ကဲ့ … အမိန့်ရှိပါ ဂုရုကြီးခင်ဗျား´´
အောင်စိန်သည် မိမိအလိုဆန္ဒပြည့်ဝတော့မည်မှာ သေချာလောက်သည့် အခြေအနေအနေအထား အထင်းသားမြင် တွေ့ပြီးသည်မို့၊ အားလျော့အားငယ် သိမ်ငယ်စိတ်များလည်း အလျဉ်းမရှိပြီ။
“မောင်ရင်လေးကြားတဲ့အတိုင်းပဲ။ ကျုပ်လည်း မနက်ဖြန်ဘာကောင်းလည်း၊ ဘာကောင်းလည်းနဲ့ ဇာတ်ခေါင်းကွဲနေ ပြီ။ ဒီတော့ မောင်ရင်လေး ကျုပ်ကို စာမူကြေး အခွန်နှုတ်ပြီး ပေါင်ဘယ်နှသန်းလောက်ပေးမယ် စိတ်ကားထားသလဲ´´
“ဟိုက် ရှာလပတ်ရည်´´

အားရာရား

၂၀၀၀၂။ နိုဝင်ဘာ။ မုခမဂ္ဂဇင်း။ စာ-
မေတ္တာရပ်ခံချက်
ချစ်ခင်စွာ ရေးဖွဲ့မိသည့် ဂုရုကြီးသည် အသက်သုံးထောင်ရှိပြီဟု စာအုပ်စာတမ်းအထောက်အထားများအရ သိရှိရ သည်ဖြစ်ရာ၊ ဂုရုကြီး၏ အဖော်အလှော်တပည့်ကျော်များသည်လည်း ယုတ္တိဗေဒသဘောအရ ထိုနည်းနှင်နှင် ဖြစ်ရပေမည်။ ထို့ကြောင့် မိမိဒုတိယနေရာမှ ပြန်ပြောခန်းများတွင်`ဟာကြူလီပျော့´ဟု ရိုသေစွာသုံးစွဲထားသည်ကို သတိပြုစေချင်ပါသည်။

~ by kaungphyo on January 21, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: