သူဇီး … ကိုယ်ဇီး

သူဇီး ကိုယ်ဇီး
(အားရာရား)

“ကိုစိန် … ကုန်စိမ်းထမ်းရတာ ပင်ပန်းလိုက်တာ။ အေးနဲ့ ဈေးလိုက်ရောင်းကြည့်ပါလား”
ကုန်စိမ်းသည်လေး ‘အေး’ ဒဂုံမြောက် ၃၅ရပ်ကွက်တွင် ကုန်စိမ်းရောင်းသည်။ မနက်၂နာရီကတည်းက သီရိမင်္ဂလာ ဈေးသို့ ကုန်စိမ်းသမားငါးယောက်နှင့် ရောက်လာသည်။ ဈေးဝယ်ပြီး နှစ်ယောက်က ၃၂ ရပ်ကွက်ဈေးသို့ပြေးသည်။ ကျန်သည့် အေးတို့ သုံးယောက် ၃၅ ရပ်ကွက်တွင် ရောင်းသည်။ ကုန်စိမ်းဈေးမှာ ‘အေး’ ‘ကိုစိန်’ကို တွေ့ခဲ့၏။
“မအေးမ …ရယ်။ အစ်ကို့မှာ အရင်းအနှီးမှ မရှိတာ။ နေ့ပြန်တိုးလဲ ကြောက်တယ်ဟ”
မျက်လုံးပေါ်တတောက်တောက်စီးကျနေသည့် ချွေးစေးတွေကြားမှ အောင်ပန်းဂေါ်ဖီလို ကျစ်ကျစ်လစ်လစ် လှချင်တိုင်းလှနေသည့်
အေးမကိုဝိုးတ၀ါးငေးမောရင်း ကိုစိန် အားငယ်စကားဆိုသည်။
“ဒီလိုလုပ်လေ … အေး ပိုတဲ့ပိုက်ဆံနဲ့ ကုန်စိမ်းနည်းနည်းပိုယူလိုက်မယ်။ အခု အေးနဲ့အတူရောင်းနေတဲ့ မမကြည်က အေးတို့ဆီမှာ အရောင်းပါးလို့ လမ်းဆုံဘက် ပြောင်းမယ်ပြောနေတာ။ သူ့လောက်လဲ မယူဘူးပေါ့။ နည်းနည်းလျော့ယူမယ်။ ကိုစိန် ကူရောင်းပေးပေါ့” “ကောင်းပါတယ်။ မအေးမလည်း အထုပ်အပိုးတွေနဲ့ သွားလာနေရတာ ပင်ပန်းလှတယ်။ အစ်ကိုပါလာရင်တော့ သယ်လို့ပိုးလို့ရတာပေါ့။ ဒါပေမယ့် အစ်ကိုက အာလူးခြင်းထက်ပိုလေးနေရင် ပြောနော်”
“ဟင်း ..ဟင်း …အစ်ကိုကလည်း။ အေးက အဲ့သလိုသဘောမထားပါဘူးတဲ့ရှင့်”
ဆေးရိုက်ထားသည့် ဂန္ဓ္ဓမာပန်းဝါ၀ါလေး ရေတောက်လိုက်သလို စိုလက်လက်မျက်ဝန်းအစုံနှင့်အေးမ ကိုစိန်ကို ၀င့်ကနဲတစ်ချက်ပင့်ကြည့်
လိုက်သည်။ ကိုစိန်တစ်ယောက် ရေဆေးပြီးမုန်လာဥနီခြင်းကြီးထမ်းကာ မြောင်းကြီးထိပ်မှ ဈေးဘက်ကားလမ်းကူးလိုက်ရသည့်အလား ရင်ဘတ်တစ်ပြင်လုံး တုန်ခါမောဟိုက်သွားရှာ၏။ အီးကနဲ သက်ပြင်းရှည်တစ်ခုကိုပင် လေပုန်းလည်သလိုမသိမသာ လျောချလိုက်ရသည်။
“အစ်ကို မအေးမအတွက် အကျိုးရှိအောင် ကြိုးစားပါ့မယ်ဗျာ”
ကိုစိန်၏ လေးပင်ပင် တုန်ခါခါ အက်ကွဲကွဲအသံကြီးကို အေးမ ပြုံးပြုံးလေးနားထောင်ရင်း …
“ဟုတ်ပါပြီ ကိုစိန်ရဲ့ ညီမ ကိုစိန်ပါလာရင် အရောင်းအ၀ယ် ပိုကောင်းလာမယ်ထင်တာပဲ”
ဘာကြောင့် ပိုကောင်းလာမယ်ဆိုတာ ကိုစိန်မသိ။ ဒါပေမယ့် ကိုစိန်ဆိုတဲ့ ငတိ ကုန်စိမ်းသည်ဘ၀ ရောက်ခဲ့ရလေ၏။ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်၊ ငရုပ်စိမ်း၊ နံနံ၊ ဂေါ်ဖီ၊ ဆလတ်၊ ကန်စွန်း၊ ချဉ်ပေါင် …. အမယ်စုံလှသည့် ကုန်စိမ်းနံ့တွေကြား သနပ်ခါးရေကျဲနံ့ သင်းပျံ့။ တစ်ဆယ့်ရှစ်ကျော် နှစ်ဆယ်ပိုင်းဆိုတာ ရင်ခုန်သံအဆစ်တိုး ခုန်နှုန်းမြင့်စအရွယ်။ အလေးမပြည့် သည့် ချိန်ခွင်ညှာလို ဘယ်ညာယိမ်းယိုင် လှုပ်ခတ်သည့်အရွယ်။
+ + + + +
“မနန်း …ဒီနေ့ ဆိုင်သိမ်းစောလှချည်လား”
အေးမတို့နှင့် ပလပ်စတစ်အခင်းခြင်းကပ်လျက် မနန်း ဆိုင်သိမ်းနေသည်မြင်၍ ဗူးညွှန့်ဖရိုဖရဲလေးတွေ ပြန်စီရင်း ကိုစိန် မေးဆတ်ကာ မေးလိုက်မိသည်။
“ဒီနေ့ ကျောင်းတက်ရမယ်ဟ”
အော် … ဟုတ်သား။ မနန်းက အဝေးသင်တက်နေသည်။ အနီးကပ်သင်တန်းများ ဖွင့်နေပြီဖြစ်သောကြောင့် အရှေ့ပိုင်းတက္ကသိုလ် သွားရမည်။ မနန်းက ချဉ်း၊ နနွင်းတက်နှင့် ကြက်သွန်ဖြူသာရောင်းသည်မို့ ကုန်စိမ်းသမားလို ကရိကထ မများလှ။ ပီနန်အိတ်တွေထဲထည့် ဆိုက္ကားခေါ် စုပြီးထပ်တင်သွားရင်ပြီးပြီ။ ဈေးထဲမှာလည်း ကိုးနာရီခွဲဆယ်နာရီ ရုံးသမား၊ ကုမ္ပဏီသမား ကုန်သလောက်ဖြစ်သွား၍ ဈေးဝယ် ခဏပါးသွားသည်။ အိမ်စောင့်ကျန်နေရစ်သည့်သူများနှင့် မှီခိုခွင့်ရသူများ၊ အဖိုးအဖွားများက အေးဆေးမှ ဈေးဝယ်လာကြသည်။ ဈေးဝယ်ပါးတော့ ကိုစိန် စီးကရက်သောက်ရင်း ဟိုသည်ငေးသည်။ ပုဆစ်တုတ်ထိုင်ကာ ခါးသိမ်လေးကိုင်း၍ ဆိုင်သိမ်းနေသည့် မနန်း၏အလှကို အမှတ်တမဲ့ငေးမောသည်။ ကိုယ့်မျှစ်မို့ ကိုယ်ချဉ်သည် ဆိုရလေမည်လား။ အေးမ အလှကို မည်သို့မှမမီ။ ပျဉ်းမနားမျှစ်ချဉ် စစ်စစ်။
“ကိုစိန် … ဘာငေးနေတာတုန်း”
ရုတ်တရက် လက်ထဲကစီးကရက် လွတ်ကျသည်။ ပြီး … ရှက်အန်းအန်းဖြင့် အယောင်ယောင်အမှားမှား ပြောသည်။ “လက်ဖက်ရည်တစ်ခွက်လောက် သွားသောက်ရမလားလို့”
“ကိုစိန်သွားချင်သွားလေ … ဈေးဝယ်ပါးနေတာပဲ”
တကယ်တမ်းကျတော့ အေးမနားက တစ်ဖ၀ါးမခွာချင်။ လက်ဖက်ရည်ဆိုင်ထွက်မသွားရအောင် စကားတွေကြံဖန်ပြောမိပြန်သည်။ “မအေးမရေ … ဒီတစ်ပါတ်ဥပုသ်မှာ အစ်ကိုတို့ ကုန်တိုက်ကြီးတွေပေါ် တစ်ခါလောက်တက်ကြည့်ရအောင်”
“အမလေး … ကိုစိန်ရယ်။ အခုပေါ်နေတဲ့ ရှော့ပင်းမောလ် ဆိုတာတွေလား။ မှန်ကောင်တာတွေရှေ့ တ၀ဲလည်လည် သွားရပ် …. မောပြီးပြန်လာရမှာများ သွားချင်နေသေးတယ်”
ခရမ်းချဉ်သီးတွေ တစ်လုံးပြီးတစ်လုံး လက်မဖြင့်အားထည့်ဖိဖိကြည့်ပြီးရွေးနေသည့် ပွင့်မော်ဒယ်မမကြီးက အေးမတို့ စကားလက်ဆုံကြနေသည်ကို နားစွင့်ရင်း ၀င်ပြောသည်။
“နင်တို့ကုန်စိမ်းတန်းကိုလဲ ရှောက်ရင်းမောမောလာလို့ ‘ရှောက်ရင်းမော’လို့ ခေါ်တော့မယ်။ သားငါးချွေတာချင်လို့ ကုန်စိမ်းတန်းဘက် ခြေဦးလှည့်ပါတယ်။ တယ်ထူးလှပါဘူးအေ …”
“အစ်မရယ် နေတက်ဈေးကွဲလို့ ကုန်စိမ်းညှိုးရင် ကျွန်မတို့က ပိုမောရပါသေးတယ်”
ဒီအချိန် ကိုစိန် ရုတ်တရက် သီချင်းညည်းလိုက်သည်။ ဦးခမ်းလိတ်ကြီးရေးထားတာ။ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး။ အေးမ၏ မျက်ဝန်းနက်လေး ထောင့်ပြေးကပ်။ သင်္ကေတမြားတစ်စင်းလို ကိုစိန်၏ မို့မောက်မောက်ရင်အုပ်ပြင်ကျယ်ကြီး ထိုးဖောက်။ ကိုစိန်က တဟဲဟဲရယ်လို့။ အေးမလည်း ဖုန်မှုန်ညိုနုနုတွေနှင့် ဖွာရရာကြဲဆံနွယ်တွေ သပ်တင်ရင်း ရှက်စနိုးအကြည့် လွှဲဖယ်သွား၏။ ဈေးဝယ်မိန်းမ၀၀ကြီးကတော့ ဒီအကြောင်းတွေ ရပ်ကွက်ထဲက ၀က်ဘ်ဆိုဒ်မှာ လွှင်တင်ဦးမှာ သေချာသည်။
+ + + + +
ထိုင်ဝမ်ကန်စွန်းလို သွယ်သွယ်ဖောင်းဖောင်း လက်မောင်းလေးတွေ၏ အနုအလှ။ ခရမ်းချဉ်သီး ရှမ်းသီးလိုနီတျာတျာ နှုတ်ခမ်းနှစ်လွှာ။
အောင်ပန်းဂေါ်ဖီလို ကျစ်ကျစ်လစ်လစ် တစ်တစ်ရစ်ရစ် တို့နဲ့ ခန္ဓာကိုယ်လေး။ ဒီမယ် မအေးမ မြောင်းတကာဗူးနွယ်လို သွယ်လျနူးညံ့မှုအပေါင်းနဲ့ ငါ့အချစ်တွေ မင်းအနားမှာ ဈေးကောက်လို တ၀ဲဝဲရယ်နဲ့ တလည်လည်။ မအေးမ …ကိုစိန်ချစ်တယ်။ ဒီလိုဖွင့်ပြောစရာမလို။ ဈေးသိမ်းလို့ အိမ်ပြန်လိုက်ပို့ချိန် ဈေးတန်းမှာ ဆောင့်ကြောင့်ထိုင်ရသည့် သစ်သားထိုင်ခုံပုလေးကအစ ကုန်စိမ်းခြင်းအဆုံး ပဒေသာပင်သီးသလို သိမ်းကြုံးသယ်မ ပြနေသည်နှင့်ပင် အေးမ အရိပ်အကဲနားလည်နေပြီးဖြစ်၏။
ချစ်ခင်သူတို့ဘာဝ ချစ်စခင်စကြင်နာစ ကဲကြသည်းကြသည်။ နေတက်ဈေးကွဲ၍ လက်ကျန်ကုန်စိမ်းလေး ထုပ်ပိုးပြီး အိမ်မပြန်ခင် ဈေးထိပ်လက်ဖက်ရည်ဆိုင်၌ အမောဖြေကြသည်။
“အေးရေ … ဘာသောက်မလဲ”
“ဆီးဖျော်ရည်သောက်မယ်။ နှလုံးနောက်တောက်တောက်ဖြစ်နေလို့”
“ဟေ့ … ဆီးဖျော်ရည်နှစ်ခွက်”
“အို … ကိုစိန်က ကော်ဖီမစ်ပလိန်းကြိုက်တာပါ”
“ဟင့်အင်း … အေးသောက်တာပဲ ကိုစိန်သောက်မယ်” ကိုစိန်တို့ သူဇီးကိုယ်ဇီးပဲလေ။ ပုံမှန်သောက်ဖူးနေကြ ကော်ဖီမစ်ပလိန်းကို မေ့ပစ်လိုက်သည်။ စားပွဲထိုးလူငယ်လေးကို ‘ငါ့ကိုမြင်တိုင်း အကုန်မချနဲ့လေ။
အေးသောက်တာပဲ ငါသောက်မှာပေါ့’လို့ ခေါ်ပြောထားလိုက်ချင်သည်။ နေ့စဉ်ဈေးကွဲ၍ အိမ်ပြန်ချိန် လက်ဖက်ရည်ဆိုင်လေး ၀င်ထိုင်လိုက်သည်နှင့် စားပွဲထိုးကလေးငယ်ကို ‘ဇီးတူး’ အော်ပြီးသား။ တစ်နေ့တော့ …
“ကိုစိန် … အေးတော့ ဖျားချင်သလိုဖြစ်နေတယ်။ ငန်းဆေးလေးသောက်ချင်လို့ ကော်ဖီမစ်ပလိန်းပဲမှာလိုက်တော့မယ်နော်”
အေးမ၏ နုနုဖွဖွအသံလေးမဆုံးခင် ကိုစိန်က ‘ဟေ့ … ပလိန်းတူး’ဟု အော်တော့သည်။ အေးမ ကိုစိန်ကို မျက်စောင်းပင့်ချိတ်ပြီး …. ‘ကိုယ်ကြိုက်တာ မှာပါနော်။ အေး အတိုင်း လိုက်မှာမနေပါနဲ့။ အေးက ကိုစိန်ကို ကျေနပ်ပြီးသားပါ’
ကိုစိန် ရှက်ရှက်ကြီး ခေါင်းတလည်လည်ဖြင့် ပြောသည်။
“ဟင်း …ဟင်း .. ကိုစိန်က အေးသောက်ရင် ရင်တုန်မှာစိုးလို့။ သောက်ကြည့်ထားမှာ”
“ပိုကိုပိုတယ်။ အမြင်ကပ်လာပြီ”
“အဟီး …”
+ + + + +
ကိုစိန်တို့ အသည်းလွန်တော့ သူဇီးကိုယ်ဇီး၊ သူကော်ကိုယ်ကော် ဖြစ်နေသည်။ ပလပ်စတစ်အခင်းခြင်းဆက်နေသည့် မနန်းက ပို၍အမြင်ကပ်လာ၏။
“နင်တို့တွေ ဒီဈေးတန်းကို ကန်တော်ကြီးမျှော်စင်ကျွန်းများအောက်မေ့နေလား။ အေးမရေ သတိတာထား ယောက်ျားတွေက ဂြိုလ်တုတွေချည်းပဲ၊ လွှတ်လိုက်ပြီဆိုတာနဲ့ ကမ္ဘာပတ်တော့တာ”
ကိုစိန်က မနန်းပြောသည်ကို နားထောင်လိုက်၊ အေးမ မျက်နှာလေးငေးကြည့်လိုက်။ ကန်စွန်းရွက်လေးတွေ ရေတောက်လိုက်။ မနန်းခပ်ကြမ်းကြမ်းပြောရင် ‘ဟီး’ဆို ရယ်ချလိုက်။ ပျော်နေသည်။
“ညည်း…ဒီအချိန် ခပ်တင်းတင်း မူထားဦး။ လာပါလိမ့်မယ်။ ကလေးတစ်ယောက် ချီရကာရှိသေး ‘သူဇီး ကိုယ်ဘီအီး’ ဖြစ်မယ့်ဟာတွေ”
ကိုစိန်ကတော့ ရင်ဘတ်ဟင်းလင်းပွင့်ကြီးနှင့် တဟီးဟီးတဟားဟားပါပဲ။ အေးမတစ်ယောက် ပြစ်ပြစ်နှစ်နှစ်ပြောချလိုက်သည့် မနန်းကို ပြန်မပြုံးပြပေမယ့် မမဲ့ပါဘူး။ နည်းနည်းတော့ တွေတွေလေး ဖြစ်သွားသည်။ ဟုတ်သလားလို့လေ။ အခုထက်ထိတော့ ကိုစိန်ကြီးက’အေးသဘော … အေးသဘော’လုပ်နေလေသည်။ အေးကြိုက်တာ ကိုစိန်ကြိုက်နေသည်။ စောင့်ကြည့်ရမှာပါပဲလေ။ မရိုသေ့စကား မနန်းပြောသလို ကလေးတစ်ယောက်ချီရမှ သိရပါပြီဆိုတော့လည်း မအေးမတို့ ဘာများပြင်ဆင်ခွင့်ရဦးမှာပါလိမ့်။ ဟိုတွေးဒီတွေးနှင့် ဈေးဝယ်က ဗူးညွှန့်အဖျားလေးတွေ လက်သည်းဖြင့်ဆိတ်လိုက်၊ ရုံးပတီသီးနုနုလေးတွေ ဆတ်ခနဲ ဆတ်ခနဲ ချိုးဖဲ့လိုက် လုပ်နေသည်ကိုပင် မအေးမတစ်ယောက် မတားမိတော့ပါ။

အားရာရား

သီရိမင်္ဂလာဈေးမှာ ရေသန့်ပို့ဝန်ထမ်းလုပ်ရင်း ဥပဒေဘွဲ့ရသွားသည့် သူငယ်ချင်းလေး- ညီငယ်နေ၀င်းအောင် သို့ အမှတ်တရ။

*** မြန်မာမိန်းခလေးတို့ ရွေးချယ်နိုင်ခွင့်နှင့် ရှင်သန်နေထိုင်ရသည့်ဘ၀များက ခက်ခဲလှပါသည်။ ထိုဘ၀များထဲတွင် ညီငယ်နေ၀င်းအောင်ကဲ့သို့ သန့်ရှင်းစင်ကြယ်သော အမျိုးကောင်းသားများရှိနေနိုင်သလို။ မြန်မာအမျိုးသမီးများ၏ ဘ၀ရှင်သန်ရပ်တည်မှု အားနည်းချက်အပေါ်အခွင့်ကောင်းရယူမည့် လူဆိုးလူရိုင်းများလည်း ရောထွေးပါဝင်နေနိုင်ပါသည်။ မြန်မာအမျိုးသမီးများ၏ဘ၀များ လုံခြုံငြိမ်းချမ်းကြပါစေ။ မြန်မာအမျိုးသားများ လူမျိုးအချင်းခြင်း၊ လူသားအချင်းခြင်း ကိုယ်စိတ်နှစ်ပါးဖြင့် ကိုယ်ကျင့်တရားမွန်ကို စောင့်ထိမ်းစောင့်ရှောက်နိုင်ကြပါစေ။ ညီငယ်နေ၀င်းအောင်လို နိမ့်ပါးတဲ့ဘ၀ထဲက မွန်မွန်မြတ်မြတ်ထိုးဖောက် ရပ်နိုင်လိုစိတ်များ မွေးမြူနိုင်ကြပါစေ။

~ by kaungphyo on January 21, 2010.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: