Categories
Fiction

သူဇီး …. ကိုယ်ဇီး

ကုန်စိမ်းသည်လေး ‘အေး’ ဒဂုံမြောက် ၃၅ရပ်ကွက်တွင် ကုန်စိမ်းရောင်းသည်။ မနက်၂နာရီကတည်းက သီရိမင်္ဂလာဈေးသို့ ကုန်စိမ်းသမားငါးယောက်နှင့် ရောက်လာသည်။ ဈေးဝယ်ပြီး နှစ်ယောက်က ၃၂ ရပ်ကွက်ဈေးသို့ပြေးသည်။ ကျန်သည့် အေးတို့ သုံးယောက် ၃၅ ရပ်ကွက်တွင် ရောင်းသည်။ ကုန်စိမ်းဈေးမှာ ‘အေး’ ‘ကိုစိန်’ကို တွေ့ခဲ့၏။

“ကိုစိန် … ကုန်စိမ်းထမ်းရတာ ပင်ပန်းလိုက်တာ။ အေးနဲ့ ဈေးလိုက်ရောင်းကြည့်ပါလား”
“မအေးမ …ရယ်။ အစ်ကို့မှာ အရင်းအနှီးမှ မရှိတာ။ နေ့ပြန်တိုးလဲ ကြောက်တယ်ဟ”

မျက်လုံးပေါ်တတောက်တောက်စီးကျနေသည့် ချွေးစေးတွေကြားမှ အောင်ပန်းဂေါ်ဖီလို ကျစ်ကျစ်လစ်လစ် လှချင်တိုင်းလှနေသည့် အေးမကို ဝိုးတဝါးငေးမောရင်း ကိုစိန် အားငယ်စကားဆိုသည်။

“ဒီလိုလုပ်လေ … အေး ပိုတဲ့ပိုက်ဆံနဲ့ ကုန်စိမ်းနည်းနည်းပိုယူလိုက်မယ်။ အခု အေးနဲ့အတူရောင်းနေတဲ့ မမကြည်က အေးတို့ဆီမှာ အရောင်းပါးလို့ လမ်းဆုံဘက် ပြောင်းမယ်ပြောနေတာ။ သူ့လောက်လဲ မယူဘူးပေါ့။ နည်းနည်းလျော့ယူမယ်။ ကိုစိန် ကူရောင်းပေးပေါ့”

“ကောင်းပါတယ်။ မအေးမလည်း အထုပ်အပိုးတွေနဲ့ သွားလာနေရတာ ပင်ပန်းလှတယ်။ အစ်ကိုပါလာရင်တော့ သယ်လို့ပိုးလို့ရတာပေါ့။ ဒါပေမယ့် အစ်ကိုက အာလူးခြင်းထက်ပိုလေးနေရင် ပြောနော်”

“ဟင်း ..ဟင်း …အစ်ကိုကလည်း။ အေးက အဲ့သလိုသဘောမထားပါဘူးတဲ့ရှင့်”
ဆေးရိုက်ထားသည့် ဂန္ဓမာပန်းဝါဝါလေး ရေတောက်လိုက်သလို စိုလက်လက်မျက်ဝန်းအစုံနှင့်အေးမ ကိုစိန်ကို ဝင့်ကနဲတစ်ချက် ပင့်ကြည့်လိုက်သည်။ ကိုစိန်တစ်ယောက် ရေဆေးပြီးမုန်လာဥနီခြင်းကြီးထမ်းကာ မြောင်းကြီးထိပ်မှ ဈေးဘက်ကားလမ်းကူးလိုက်ရသည့်အလား ရင်ဘတ်တစ်ပြင်လုံး တုန်ခါမောဟိုက်သွားရှာ၏။ အီးကနဲ သက်ပြင်းရှည်တစ်ခုကိုပင် လေပုန်းလည်သလို မသိမသာ လျောချလိုက်ရသည်။

Categories
Satire

စျေးတက်သွားတဲ့ အီကြာကွေး

မှတ်တိုင်ကို မြင်းရိုင်းတစ်ကောင်လို ကမူးရူးထိုးပြေးဝင်လာသည့် အဲကွန်းနွေးနွေး ဘတ်စ်ကားတစ်စင်းအပေါ် အဆင်းလူတွေ ကြားထဲမှ အတင်းတိုးဝှေ့တက်လိုက်မိသည်။ ခေါင်းကြီးဖင်သေး ပုရွက်ဆိတ်တစ်ကောင်လို လူတစ်ယောက် ဥက္ကလာကို နံနက်စောစော အရောက်သွားလိုစိတ်က အသော့နှင်နေ၏။ ဂုရုကြီးကို ဒီကနေ့မှ မတွေ့ရလျင် အောင်စိန့်ဆန္ဒ ပြည့်ဝအံ့မထင်။
ဘတ်စ်ကားက မောင်းတော့လည်း အမောင်းကြမ်းသလို မှတ်တိုင်တိုင်းမှာ အရပ်ကြမ်းနေတာကြောင့် ဂုရုကြီး ဗဟုလောကသို့ သုတအလို့ငှာ ထွက်ခွာမသွားမီ အချိန်မီရောက်လိုလှသည့် စိတ်အခံနှင့် အောင်စိန့်တမူ ရင်ပူဆူဝေနေလှပြီ။ အကျိုးနည်း အရေးထဲ ဘတ်စ်က မှတ်တိုင်မှာ ခွာတရှပ်ရှပ် ပေကပ်ကပ်လုပ်နေလေ၏၊
လက်မှတ်ရောင်းကလည်း မတ်ရပ်ကျဲပါးသေးသည့် နံနက်စောစော ဘတ်စ်ဝမ်းခေါင်းကို ရွှေမျက်နှာတော် မသာမယာ စောင်းငဲ့ကြည့်ရင်း …စိန့်ပေါလ် …. သိမ်ဖြူ …. မင်္ဂလာဈေး …. တောင်ဥက္ကလာ မှတ်တိုင်များ သံရှည်ဆွဲအော်ဟစ်ရင်း ကွမ်းတဖွီးဖွီးဂျော်ကီကို ဇက်ဆွဲထားသည်။

“ဟေ့ကောင်တွေ မောင်းတော့ကွာ´´

အောင်စိန် အော်လိုက်ခြင်းမဟုတ်ပါ။ သို့သော် အနှီပုဂ္ဂိုလ်သည် မိမိလိုပင် ခရီးတစ်ခုအတွက် ရင်ပူရင်ဆူနေသူ ဖြစ်လောက်ပါသည်။

“ဘာပြောတာလဲ၊ စီးပွားရှာနေတာဗျ။ ရှေ့မှာလည်း ကားတွေထပ်နေတယ်။ ခင်ဗျား မောင်းခိုင်းတိုင်း မောင်းရမှာလား´´

အခြေအတင်တွေနှင့် ထိုးလားကြိတ်လားဖြစ်ကြရင် ဒုက္ခ။ အောင်စိန့်ခရီးစဉ် ပိုလို့ပင် နှောင့်နှေးကြန့်ကြာရတော့မည်။ ကားကလည်း မထွက်နိုင်။ မကျေနပ်သံတချို့ တိုးတိတ်စွာထွက်လာပြန်သည်။ မိမိကမူ မဟရဲ။ သတ္တိမရှိ။ လက်ကိုင်တန်းကိုင် ရပ်နေရင်း အလကားနေအလကား စိတ်ထဲက နှစ်ဖက်မျှတအောင် စဉ်းစားခန်းဝင်နေလိုက်၏။