ရှယ်လား … ရိုးရိုးလား …..

ကျုပ်နာမည် အောင်စိန်။ အညာသား။ ပဲစားကြီးလာတာ။ အင်း … ၊ ကျုပ်အလုပ်က ကျောင်းဆရာ။ ရရစားစား လခစား ဆိုတာ ကျုပ်တို့ဘ၀ပဲပေါ့။ ကျုပ်တို့အလုပ်က သူများတွေလို ရှာဖွေစားသောက်လို့ ရတာလဲမဟုတ်။ ဒီကြားထဲ ကျုပ်က မူလ တန်းပြဆရာပေါက်စ၊ အသက် နှစ်ဆယ့်ငါးနှစ်မှာ အိမ်ထောင်ပြုခဲ့တယ်။
အခုတော့ ဘွဲလေးတစ်ခုရ။ တီတီစီ တက်။ ဘီအီးဒီဖြေနဲ့ တစ်ဆင့်ဆင့် တက်လာလိုက်တာ အထက်တန်းပြ ဆရာဖြစ်လို့။ ကျုပ်အသက် လေးဆယ့်ငါး။ ကလေးက သုံးယောက်။ မိန်းမက တစ်ယောက်။ အင်းပေါ့။ ကျုပ်တို့က တောသား စစ်စစ် လူဖြောင့်တွေဆိုပြီး ဂုဏ်ယူရမလား။ ကြီးငယ်လတ် မရှိဘူး။ အမလေး စိတ်မကူးရဲပါဗျာ။ ခုတောင်မှ ဖိနပ်မီးတို မီးခိုးအူ နေပြီ။
ဒီအချိန်မှာ ကျုပ်တို့ရဲ့ဘ၀ထဲ ဗြုန်းဆို မိန်းမတစ်ယောက် ရောက်လာတယ်။ အခြားဟုတ်ရိုးလား။ ကျုပ်သား အကြီး ယောင်စိန် မိန်းမခိုးလာလို့။ အေးပေါ့။ ချွေးမတစ်ယောက်တိုးလာတယ်။ ဒီကောင် အလုပ်အကိုင် မယ်မယ်ရရ အရင်မရှာဖွေဘဲ မိန်းမအရင်ခေါ်လာရတယ်လို့။ ကျုပ်ချွေးမက ကျုပ်သမီးအငယ်နဲ့မှ ရွယ်တူရှိတာ။ ကျုပ်တို့ ချွေးမကို ဖြူတယ်မည်းတယ်၊ ပိန်တယ် ၀တယ် မငြိုငြင်အား ကိုယ့်သမီးလေးအရင်းလို စောင့်ရှောက်ထားလိုက်ပြီး၊ အဲဒီည ကျုပ်သမီး ကြောင်စိန်မနဲ့ အတူ အိပ်စေတယ်။ နောက်တစ်နေ့မနက် လူကြီးမိဘစုံရာနဲ့ သူမိဘဆီ ပြန်အပ်ရတာပေါ့။
တိုတိုနဲ့လိုရင်းပြောပါစို့။ ကျုပ်တို့က သားရှင်ဆိုတော့ ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲလေးဖြစ်မြောက်အောင် စီစဉ်ပေးလိုက်ရ တော့တာ။ ကျုပ်သား မင်္ဂလာဆောင်မှာ ကျုပ်အဖွဲ့ကျောင်းဆရာအိုကြီးတွေ လာကြတဲ့လက်ဖွဲ့ကတော့ဘာသိဘာသာပေါ့။ ကျုပ် ဘာထူးပြီး အတွန့်တက်ရမှာတုန်း။ ကျုပ်တို့တုန်းကလည်း ဒီလိုပဲ။ ဟိုတုန်းက အောင်ဘာလေနှစ်ကျပ်ခေတ်ကဆို ထီလက်မှတ် တစ်ဝက်ဖြတ်ပြီး လက်ဖွဲ့တာ။ ပေါက်ရင် တစ်ယောက်တစ်ဝက်။ မင်္ဂလာလက်ဖွဲ့မှာ အဲသလိုစနစ်မျိုး ခင်ဗျားတို့ ကြားဖူးလား။
ကျောင်းဆရာဆိုလို့ ကျုပ်က အလယ်တန်းကနေ အထက်တန်းအထိ အတန်းစဉ် သင်္ချာပြခဲ့တာ။ ကျုပ်က သင်္ချာမှာ နာမည်ကြီး။ ကျောင်းသားကို စာသင်ရင် ပြဌာန်းစာအုပ်မကိုင်ဘဲ သင်နိုင်လောက်အောင် သင်္ချာကို အရည်ကြိုထားတာ။ ဒါက ကျုပ်တတ်တာ။ ကျုပ်တော်တာက သူတို့သဘောပေါက်အောင် ရှင်းပြနိုင်တာပဲ။ အဲ ကျုပ်ညံ့တာက ပြဌာန်းစာအုပ်ထဲမပါတဲ့ မီးဖိုချောင် အပေါင်းအနှုတ် ကျုပ်မလုတ်တတ်ဘူး။ “အေးဟ … င့ါလစာ အကုန်အပ်လိုက်တာပဲ။ မင်းဘာသာမင်း လောက်အောင်ကြည့်သုံး´´ …ဆိုပြီး ဆေးပေါ့လိပ်ဖိုး ငါးဆယ်တစ်ရာပဲ နှုတ်ထားလိုက်တာ။ အိမ်မီးဖိုချောင်မှာတော့ သင်းက သင်္ချာပါရဂူ။ ဒီပါရဂူကြီးမရှိရင် ကျုပ်တို့မိသားစု မလွယ်ဘူး။
ဝမ်းနည်းစရာကြုံလာရတာက ကျုပ်သားအလတ် ငေါင်စိန်။ အတန်းမကျပဲ ကိုးတန်းအောင်နဲ့ “အဖေ၊ သား အလုပ် လေး ဘာလေးလုပ်ပါဦးမယ်ဗျာ´´လို့ပြောပြီး သုံးကားလိုင်းမှာ ယာဉ်နောက်လိုက်လုပ်နေတာ။ “ဟေ့ကောင်၊ မင်းဘာနား လည်လို့လဲ။ ပညာမတတ်ဘဲ ဥစ္စာရှာရင် အညွန့်ချိုးခံပြီးမှ တစ်ပဲတစ်မူးရတာကွ။ ပညာတတ်မှကွ …. ပညာတတ်မှ။ ဟင်း …ဟင်း။ မင်း …ခွေးဖြစ်ချင်လို့လား ကွ´´
ဒါ … ဒါ … ကျုပ်စိတ်ထဲကပဲ … ပြစ်တင်ကြိမ်းမောင်းပြီး ဒေါသနဲ့ ပေါက်ကွဲလိုက်တာပါ။ အပြင်မှာတော့ တစ်ဆို့ဆို့ မျက်ရည်ပေါက်ကြီးတွေ တလိမ့်ခြင်း လိမ့်ဆင်းကျနေတာ။ ကျုပ်ပါးပြင်နှစ်ဖက် သံရည်ပူတွေလောင်နေသလိုပဲ။ အကြီးကောင် မိန်းမကလည်း နေ့စေ့လစေ့။ အဲဒီအချိန်မှာ အကြီးကောင်က နေ့ဘက်ဆိုက်ကားနင်း၊ ကျုပ်က ညဘက်နင်း။ ပညာတတ်မှကွ … ပညာတတ်မှ …. ကိုယ့်စကားကိုယ် ဟိန်းဟိန်းထနေအောင် ပြန်ကြားနေရလို့လားမသိ ကျုပ်နားတွေအူနေတယ်။
+ + + + +
“အဘိုးကြီး … ခင်ဗျားက ဘယ်သွားမှာတုန်း´´
ကြည့်စမ်းပါဦးဗျာ။ ကျုပ်… ဒီလောက်အိုစာသွားသတဲ့လား။ နေပါစေလေ။
“အဘသမီးလေး မီးဖွားဖို့ရောက်နေလို့ …´´
“ထမင်းပို့ချိန်ကျော်နေပြီဗျ …´´
“ဟုတ်ပါတယ်ကွယ်။ မနက်က အဘွာကြီးဈေးသွားနောက်ကျသွားလို့ပါ´´
“ရှုပ်တယ်ဗျာ´´
ကျုပ်လည်း ရပ်ကွက်ထဲက သင်ကြားပေးလိုက်လို့ နည်းနည်းတော့ ပါးပါးနပ်နပ် လုပ်လိုက်ပါတယ်။ အဲဒီတော့မှ `သွား. . သွား´ဆိုပြီး ဂိတ်တံခါးလေး တွန်းတွန်းဖွင့်ဖွင့် လုပ်ပေးတယ်။ အထဲရောက်သွားပြန်တော့ သမီးလေးရှိရာအဆောင် မရှာတတ်လို့ ယောင်လည်လည်ဖြစ်နေတုန်း `လာ …လာ´လိုက်ပို့ပေးမယ်တဲ့။ သူ့နေရာသူ့ဌာနဆိုတော့ လွယ်လွယ်ကူကူ တည့်တည့်မတ်မတ် ရောက်သွားတာပါ။ ဒါကြောင့် လိုက်ပို့ပေးတဲ့ ကလေးမလေးကို `ကျေးဇူးပဲ သမီးရယ်´လို့ လောက၀တ် စကားဆိုပါသေးတယ်။ ကလေးမက ပြန်လှည့်ထွက်မသွားသေးပဲ ပြုံးလို့ရပ်နေသေးတာမို့ ကျုပ်လည်း `သြော် …အင်း ..အင်း´ နဲ့ ပါးပါးနပ်နပ် ထပ်လုပ်လိုက်ရပြန်ပါတယ်။
“ဟဲ့ …. သမီး။ သားရော´´
“လိုအပ်တဲ့ဆေးတွေ သွားဝယ်နေတယ် အဖေ´´
အလကားမရဘူးလားသမီးရယ်။ သိပါဘူးအဖေရယ်။ ဆရာမ ဆေးစာရွက်ပေးပြီး ၀ယ်ခိုင်းနေတာတော့ သိတယ်…တဲ့။ ပြီးတော့ သမီးဆက်ပြောတာက… ရင်မောစရာ။
“အဖေရေ …ဗိုက်ခွဲမွေးရမှာတဲ့´´
“ဟေ .. ဟုတ်ရဲ့လား´´
“ကလေးက တင်ပဆုံနဲ့ဖြစ်နေလို့တဲ့´´
ဒါနဲ့ ကျုပ်လည်း ဘေးခုတင်က ကျုပ်လိုအညာရုပ်ပေါက်နေတဲ့ ဘုတ်ဆုံမကြီးတစ်ယောက်ဆီ သွားလိုက်တယ်။
`….. …. ….. ….´
“ဘာဗျ။ ခွဲတာ …။ ရိုးရိုး မိုလို့။ ရှယ်တို့။ ဂွတ်ဒ်ရှယ်တို့´´
`….. …. ….. ….´
“ခါးဆစ်ရိုး ဆေးထိုးတာလည်း ပါတယ်´´
`….. …. ….. ….´
“ခွဲခန်းအလုပ်သမား၊ လှည်းတွန်းခ၊ ခုတင်ခင်းပေးခ၊ ခုံငှားခ´´
“အလှူငွေ ….´´
တော်ပြီ … တော်ပြီ၊ ကျုပ်မသိချင်တော့ဘူး။ သင်္ချာဆရာ… ကျုပ်။ ဂဏန်းတွေ ဒီလောက်ရှုပ်ရှက်ခတ်နေတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။ စားရိတ်မျှပေး ဆေးဝယ်လာတဲ့သားနဲ့ ကုတင်ပေါ် ပုံပုံလေးထိုင်နေတဲ့သမီး သွက်သွက်နှုတ်ဆက်ပြီး ထပြန် လာခဲ့တယ်။ ပါးစပ်ကလဲ `အေး၊ မင်းတို့အဆင်ပြေအောင် ကြည့်စီစဉ်ထားလိုက်။ ငါတော့ မနက်ဖြန်ကျောင်းဖွင့်လို့ လာနိုင်ဦး မှာမဟုတ်ဘူး …လို့ ခတ်ဆတ်ဆတ်အော်ပြောခဲ့တယ်။
အရပ်လက်သည်နဲ့ သားသမီးသုံးယောက် ဟောတစ်ယောက်…ဟောတစ်ယောက် လျောခနဲလျောခနဲ မွေးပေးခဲ့တဲ့ ကျုပ်မိန်းမကို ဘယ်လိုကျေးဇူးတင်မိမှန်းလည်း မသိတော့ဘူး။
+ + + + +
ကျုပ်ဘာလုပ်တယ် ထင်သလဲ။ ကျောင်းတက်ခေါင်းလောင်းတီးပြီး ကျောင်းတံခါးပိတ်ချိန် စောင့်နေလိုက်တယ်။ `အမ်မယ်´ … ငတိနှစ်ကောင် ခုမှ ပျာရိပျာယာနဲ့ကျောင်းဝန်းတံခါးဆီ လာနေကြတာ။ တစ်ကောင်က ကျုပ်အတန်းပိုင်အခန်း က။
“ဟေ့၊ ကျောင်းတက်ချိန်ကျော်နေပြီ .. မင်းတို့မသိဘူးလား။ ၀င်ချင်တိုင်း ၀င်လို့မရဘူး။ ၀င်ချင်ရင် တစ်ယောက်ငါး ဆယ်ပေး´´
ငတိနှစ်ကောင် အူကြောင်အူကြောင်နဲ့ တစ်ယောက်ငါးဆယ်စီ ထုတ်ပေးကြတယ်။ ကျုပ် … ဒီမှာတင်မရပ်သေးဘူး။
“ဟိုအကောင် .. ကျောင်းသားသစ်၊ မင်းအခန်း ဘယ်မှာလဲသိလား။ မသိရင် လိုက်ပို့ပေးမယ် ငါးဆယ်ထပ်ပေး´´
ကျုပ်အတန်းက ငတိ၊ မျက်နှာသေလေးနဲ့ကျုပ်ကို ငေးကြည့်နေရှာတယ်။
“ကဲ၊ နောက်ပြီး မင်းအခန်းမှာ ထိုင်စရာခုံမရှိရင် ခုံရှာပေးဦးမယ်။ ပေး … နောက်ထပ် ငါးဆယ်´´
ပြီးမှ၊ ကျုပ်အတန်းပိုင်အခန်းကို လာခဲ့တယ်။
“မင်္ဂလာပါ´´
“မင်္ဂလာပါ တပည့်တို့…၊ တပည့်တို့ကို စာမသင်ခင် ဆရာမေးချင်တာက၊ ဒီကနေ့သင့်မယ့် သင်္ချာပုစ္ဆာကို ရိုးရိုးရှင်းပြ စေချင်သလား။ ရှယ်ရှင်းပြစေချင်သလား။ ဂွတ်ဒ်ရှယ်လား။ ရှယ်ဆိုရင် တစ်ယောက်ငါးဆယ်နှုန်းကျပါမယ်။ ဆရာရှေ့က မြေဖြူ ပုံးထဲ လာထည့်ကြပါ။ ရှယ်သင်ပြီးမှ မေ့သွားတာမျိုးရှိရင် မေ့ချင်တဲ့သူတွေအတွက် တစ်ယောက်ငါးဆယ်နှုန်း ထပ်ကောက်ပါ့ မယ် …´´
စဉ်းစားလို့ရသမျှ အကုန်တောင်းပါတော့မယ်။ တစ်ခန်းလုံးကတော့ ပါးစပ်အဟောင်းသားနဲ့ ကျုပ်ပြောသမျှ ငြိမ်နား ထောင်နေကြတယ်။ ကြွက်စီပွက်စီကို မလုပ်ရဲကြဘူး။ အရင်က သင်္ချာတွက်ရင် ဆရာတပည့် အပြန်အလှန်အဖြေညှိကြရင်း ဆူညံနေကြတယ်။ အခုတော့ မသိုးမသန့် အာရုံတွေနဲ့ တိတ်ဆိတ်နေကြတယ်။
“ဟေ့ …ကျောင်းချိန်မှာ နားအံမ၀င်လို့ ကျောင်းဆင်းချိန်အပြင်မှာ ခွဲသင်ချင်ရင်လဲ ခွဲလို့ရသေးတယ်။ သူ့ဈေးနဲ့ သူပဲ´´
ဒါတောင် ခြေကြွခတို့၊ ကော်မရှင်တို့ … ဒါတွေကိုလဲ တီထွင်ပြီးတောင်းရပါဦးမယ်။ တချို့များ ကျန်းမာရေးဂရုစိုက်ပုံ များပြောပါတယ်။ တာဝန်ချိန်ကုန်လို့များ အိမ်ပြန်အနားယူကြမယ် မထင်နဲ့။ ညဥ့်နက်သန်းကောင် မီးရောင်တွေထိန်ထိန်လင်းနေ တဲ့ဆေးရုံဆေးခန်းကြီးတွေဆီ ပြေးကြသေးတာ။ သာစိန်လဲ နေ့စဉ်ကျောင်းဝန်းအနှံ တ၀ုန်းဝုန်းပြေးနေလိုက်ရတာ သဲကြိုးပြတ်ခ လေးတော့ ရအောင်တောင်းမှ။ ကျုပ်က ဦးဆောင်ပြီး ဒီလိုလုပ်လိုက်ရင် နောင်ကြာလာရင် Official Tax ဖြစ်ချင်ဖြစ်လာမှာပေါ့။ ပါမောက္ခဌာနမှူး ဆရာဝန်ကြီး သုံးထပ်ကသူ့အခန်းကိုသွားတိုင်း ဓာတ်လှေကားမောင်းတဲ့သူကို အမြဲမုန့်ဖိုးပေးတယ်။ ကျန်တဲ့ ဧည့်သည်လူနာတွေအတွက် ဦးဆောင်ပြီး Official Tax သတ်မှတ်ပေးလိုက်တာ မဟုတ်လား။ ကျုပ် ဦးဆောင်သူ ဒါမှမဟုတ် … တီထွင်သူ၊ လမ်းပြသူ ..ဖြစ်အောင်ကြိုးစားသွားမယ်။ အများအတွက်ပဲလေ ….
ဒါပေမဲ့၊ ကျုပ်ဒီလိုဖြစ်သွားတာ တစ်သက်နဲ့တစ်ကိုယ် မမြင်ဘူးရှာတဲ့ ငတိလေး …ငတိမလေးတွေရှေ့မှာပဲ ကျုပ်ကို ကျောင်းအုပ်ဆရာကြီးက `ဆရာကိုအောင်စိန် … ခဏ´ဆိုပြီး လာခေါ်သွားတယ်။ နောက် … ပညာရေးမှူးနဲ့ တွေ့ရတယ်။ ပညာ ရေးမှူးက ချော့ချော့မော့မော့နဲ့ ကျုပ်ကို စိတ်ရောဂါအထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့တွေ့ပေးမယ်တဲ့။
ဒါနဲ့ပဲ ကျုပ်ကလည်း နောက်ဆုံးစကားတစ်ခွန်းတော့ ပြောဖြစ်အောင် ပြောလိုက်ပါ သေးတယ်။
ဆရာကြီးရယ် …. ရှယ်တွေ့ရမှာလား၊ ရိုးရိုးတွေ့ရမှာလား ….. လို့

အားရာရား
အမှတ်(၂၂)၊ ဧပြီလ၊ ၂၀၀၃-ခုနှစ်၊ မုခမဂ္ဂဇင်း။ စာ-၁၀၉။
ကျွန်တော့်ဆရာ ဦးမြင့်လွင်- အ.ထ.က (မလှိုင်)သို့ အမှတ်တရ။

~ by kaungphyo on December 31, 2009.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: