ဒါပေမယ့် …… မေမေရယ်

ဒါပေမယ့် …… မေမေရယ်
(ကောင်းဖြိုး)

မေမေရေ …. သား အိပ်မက်တွေ ခဏခဏမက်တယ်။ အဲဒါတွေက သားအလိုမပြည့်တဲ့ဆန္ဒတွေပဲ မဟုတ်လား။ အိပ်မက်တွေ တစ်ကြိမ်နဲ့တစ်ကြိမ် မတူပါဘူး။ ဘာပြုလို့ လိုအင်တွေ ဒီလောက်တောင်များနေရတာလဲ။ အဲဒီ အိပ်မက်တွေ မက်တိုင်းလည်း သား အိပ်ရာက မောမောပန်းပန်း နိုးခဲ့ရတယ်။ အိပ်ရာပေါ် ချွေးစေးတွေနဲ့ထိုင်နေရင်း အိပ်မက်ပြီးသွားတာပဲ ၀မ်းသာနေရတယ်။ သား တောင့်တတဲ့အရာတွေ ပြင်ပမှာလည်း မယူရဲ၊ မယူနိုင်ခဲ့သလို အိပ် မက်ထဲမှာလည်း သူများလုသွားခံရတာချည်းပဲ။ အိပ်မက်လေး မြန်မြန်မက်ပြီးသွားတော့ သား မြန်မြန်စိတ်ချမ်းသာရ တာပေါ့။ ဒါပေမယ့် မေမေရယ် …အပြင်မှာက တကယ့်ကို မပြီးဆုံးနိုင်ဘူး။ မေမေနဲ့ခွဲနေရတာလည်း အခုတော့ ကျင့်သားရနေပါပြီ။ ဖွံ့ဖြိုးမှုနှေးကွေးတဲ့နေ့တွေ တရိရိတရွဲရွဲခံစားရင်း၊ တစ်ခါတစ်လေ သားမှာ မေမေ မရှိသလိုတောင် နေတတ်လာပါပြီ။ ဒါပေမယ့် မေမေရယ် သား ပြင်းပြင်းထန်ထန် ကျရှုံးသွားတဲ့အခါတိုင်း မေမေ့ရင်ခွင်မှာပဲ ပြေးပုန်းနေ ချင်မိတာပါ။
အခု သားတို့နေတဲ့မြို့လေးဆီမှာ မိုးတွေရွာစပြုပြီမေမေ။ ငယ်ငယ်က သားတို့အိမ်လေးကို သတိရမိတယ်။ အိမ်မိုးမပြင်ရသေးလို့ မိုးရွာရင် ဖာရထေးရ။ ခွက်တွေနဲ့ရေခံရ။ ကလေးပီပီ ပျော်စရာလို့ထင်ခဲ့တဲ့သားကို မေမေက မှုန်မှုန်မှိုင်းမှိုင်းနဲ့ ငွေ့ငွေ့လေးနေခဲ့တာ။ ဒါပေမယ့် မေမေရယ် … သားငယ်ငယ်ကလို မပျော်တတ်တော့ပါဘူး။
သားစာဖတ်ပြီး မေမေစိတ်မကောင်းဖြစ်နေမလားဘဲ။ ဒါမှမဟုတ် လျောကျသွားတဲ့ဝန်စည်တစ်ခုလို လွမ်း ဆွတ် နေမလားဘဲ။ မေမေရယ် … သားတို့ သူစိမ်းတွေမှ မဟုတ်ဘဲကိုး။ အဲဒီအလွမ်းစိတ်တွေနဲ့ပဲ သားပီစီလေးမှာ မေမေ့ပုံလေး တင်ထားတယ်လေ။ ပီစီဖွင့်လိုက်တာနဲ့တပြိုင်နက် မေမေ့ကိုဦးဆုံးမြင်ရတယ်။ အလုပ်မလုပ်ဘဲ ရပ်ထား ရင်လည်း မေမေ့ပုံလေးပေါ်နေမယ်။ ဒါပေမယ့် မေမေရယ် … သားမျက်လုံးတွေက ဒီမြင်ကွင်းတစ်ခုလုံးကိုကျော်ပြီး မမြင်နိုင်တဲ့ ဟိုးအဝေးကြီးဆီကိုသာ ငေးမျှော်နေမိတတ်ပါတယ်။ အဲသလို ငေးနေရင်းနဲ့ အခုအချိန်ထက် နောက်ကျပြီး ရောက်မလာနိုင်သေးတဲ့ ကာလတစ်ခုဆီကပုံရိပ်တွေကို မှန်းဆကြည့်မိတယ်။ မေမေရယ် … သဲသဲကွဲကွဲ မရှိလှပါဘူး။ အတွေးတွေအားလုံး စမ်းတ၀ါးဝါးနဲ့။
ညအိပ်ရာဝင်တိုင်း ပါးစပ်ကိုက်အိပ်တတ်တဲ့သားကို မေမေအမြဲဆူတယ်။ နောက် မေမေက သားခြေသလုံး လေးတွေ ဆုပ်နယ်ပေးမယ်။ တစ်နေကုန်ကျောင်းတက်ရတော့၊ ပြီး ကျူရှင်သွားရတော့ သား ပင်ပန်းမှာပေါ့တဲ့။ သား စိတ်ရရင် မေမေ့ကို နင်းပေးပါတယ်။ မေမေက စာကြိုးစားဖို့ တိုက်တွန်းတယ်။ သားက ပျင်းတယ်။ တီဗီညပိုင်း အစီအ စဉ်တွေ သားကကြည့်ချင်တယ်။ မေမေက သိပ်ပေးမကြည့်ဘူး။ သား စိတ်ကောက်ပြီးကျောပေးအိပ်ရင် မေမေက သား ကျောပြင်လေး ယားကုတ်လုပ်တယ်။ သားက ‘မလုပ်နဲ့’ အော်မယ်။ မေမေက အသံအေးအေးလေးနဲ့ ရယ်မယ်။ အခုတော့ မေမေကိုယ်တိုင်ချုပ်ပေးခဲ့တဲ့ ဖက်လုံးရှည်ကြီးကို မေ့မေ့ကိုယ်စား စိတ်ကောက်နေရတာပါ။ ဒါပေမယ့် … မေမေရယ် ဖက်လုံးရှည်ကြီးက ယားကုတ်မလုပ်နိုင်ဘူးလေ။
မေမေရယ် … ခဏတာအချိန်တိုလေးအတွင်းမှာ ရသမျှအချိုအဆိမ့်လေးတွေနဲ့ မအေးချမ်းနိုင်ကြဘဲ ခါးသက် တဲ့ အတွေးအကြံတွေနဲ့ ရွံမုန်းစရာကောင်းတဲ့အချိန်တွေဖန်တီးဖို့ ဘာပြုလို့ကြိုးစားပန်းစား ဖြစ်နေကြတာလဲ မသိဘူး နော်။ စွတ်စိုတိတ်ဆိတ်တဲ့ညတွေမှာ သား နိုးမနေချင်ဘူး။ ဘာမှလည်း သတိရမနေချင်ဘူး။ သား အဖော်မဲ့နေတာ။ မေမေ့မှာ သားမဲ့နေတာ။ သားသတိမရချင်ဘူး။ သားဟာ သားပဲလို့ မသိချင်တော့ဘူး။ မေမေ့ကိုလည်း သတိရမနေ ချင်ဘူးလေ။ ခက်တာက ဒီလို ရူးရူးသွမ်းသွမ်းညတွေထဲ အိပ်မက်ဆိုးတွေရောက်လာမှာလဲ စိုးတယ်။ ဗျာများတဲ့စိတ်နဲ့ သား အိပ်ရာထက်မှာ မှီအုံးလေးဖက်ပြီး မောမောပန်းပန်း ထိုင်နေရတယ်။
မနက်ဖြန်ဆို သား စာမေးပွဲတစ်ခု ထပ်ဖြေရဦးမယ် မေမေ။ သား သိပ်ဖြေချင်နေတဲ့ အဖြေမျိုးတွေအတွက် မေးခွန်းထုတ်မလာဘဲ သား စိတ်ညစ်ညူးပြီး မဖြေနိုင်မယ့် မေးခွန်းရှည်ကြီးတွေပဲ မေးကြမြန်းကြဦးမယ်လေ။ သားက လည်း အဲဒီမေးခွန်းရှည်ကြီးတွေကို ယဉ်ကျေးစွာ ၀တ်ကျေတန်းကျေ ဖြေဆိုရဦးမယ်။ ငယ်ငယ်က မေမေ မေးခဲ့တဲ့ ‘သား အသက်ကြီးသွားတဲ့အထိ မေမေ့ကိုချစ်နေမှာလား’ ဆိုတဲ့မေးခွန်းလောက် သား အကြိမ်ကြိမ်ပြန်ဖြေချင်နေတာ မျိုး ရှိလာမှာတဲ့လား။
ဒါပေမယ့်မေမေရယ် … မေးခွန်းလှလှမေးတတ်တဲ့မေမေ့ကို သားက စာဖတ်ချင်စိတ်မရှိတဲ့ ဒီညအတွက် မေးခွန်းတွေအများကြီး ပြန်မေးချင်နေမိတယ်။ ဒီလိုလေ၊ သား မေမေ့မျက်နှာ မကြည့်ဘဲ ဟိုးအဝေးတစ်နေရာ ငေး စိုက် ကြည့်နေရင်း မေးခွန်းတွေမေးမယ်။ မေမေ့ အဖြေမဆုံးခင် သား နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးချင်မေးနေ မယ်။ မေမေ စိတ်မရှည်လို့ တစ်ချက်ဟန့်လိုက်တာကိုလည်း သား ကြားချင်မှကြားမယ်။ သား မေးခွန်းတွေ မရပ်မနား မေးနေမယ်။ သား သိမ်းထားတဲ့မေးခွန်းတွေ အများကြီး။ ဒါပေမယ့် စိတ်ချပါမေမေ။ သား တကယ်မေးချင်တဲ့မေးခွန်း ပါလာမှာမဟုတ်ပါဘူး။
+ + + + +
ဖျက်ရာခြစ်ရာများဖြင့် ပေပွနေသည့် စာရေးစက္ကူနှစ်မျက်နှာအား တစ်မျက်နှာစီ ပုံဖတ်စက်ထဲထည့်ဖတ် လိုက်သည်။ ပြီးနောက် သူသည် ဖိုင်တစ်ဖိုင်ဖွင့်၍ သိမ်းထားလိုက်သည်။ ထိုအခါ သိမ်းလိုက်သည့်ဖိုင်အတွက် အမှတ် သညာတစ်ခုပေးရန် စက်ကတောင်းဆိုလာသည်။ သူငယ်စဉ်က မေမေနှင့်အတူနေရစဉ် သူ့လိုအင်မှန်သမျှ မေမေ့ဆီ တောင်းခံခဲ့သည်။ ယခုမူ အလွန်ချေးထူသော စက်ကလေးတစ်လုံးနှင့် အတူနေနေရသည်။ သူကသာအကုန် လိုက်လျောနေရသည်။ သို့မှသာ သူ မေမေ့အကြောင်းတွေသိချင်သည့်အခါ အလွယ်တကူ ရှာဖွေနိုင်လိမ့်မည်။ အခါအ ခွင့်သင့်လျှင် ဤဖိုင်ထဲသိမ်းထားသောစာများ မေမေ့ဆီ ပို့ပေးနိုင်လိမ့်မယ်။ သို့သော် မေမေ့လိပ်စာ မသိ။ မေမေ ဆက်သွယ့်သည့်အခါမှသာ သူလက်ခံရရှိသည်။ ထိုအခါ မေမေ စကားတွေအများကြီးပြောမည်။ သူ့ကို ပြောခွင့် မပေး။ မေမေ မောသွားတော့ သူစကားစပြောဖို့ ကြိုးစားသည်။ ဒါပေမယ့် ဖုန်းလိုင်းကျသွားပြီ။ ဒီလိုနှင့် မေမေ့ထံမှ အဆက်အ သွယ်များ လအတန်ကြာကြာ ပြောက်ကွယ်နေတတ်သည်။
တစ်ခါတစ်ရံမှာတော့ မေမေ့ထံမှ စာတစ်စောင် ရောက်နေတတ်သည်။ မေမေ့စာ ရောက်လျှင် ဖတ်မကြည့်ဘဲ ‘ချစ်သောမေမေ’ ဟု အမည်ပေးထားသည့်ဖိုင်ထဲ သိမ်းထားလိုက်သည်။ မေမေ့လက်ရေး၊ မေမေ့အငွေ့အသက်မပါ … သေသေသပ်သပ်ရေးဆွဲထည့်သွင်းထားသည့် အသုံးချစာလုံးသင်္ကေတများနှင့်စာအစောင်စောင်ကို သူ မဖတ်ချင်ပါ။ မေမေ နှင့် ဖုန်းပြောသည့်အခါတိုင်းမူ မေမေ့အသံ ကူးယူထားလေ့ရှိသည်။
+ + + + +
နတ်တော်လ၊ ပူနွေးသည့်အလင်းပါးပါးအောက် အအေးဓာတ်အနည်းငယ်သာပါသည့်လေတို့ ဖြည်းဖြည်းရွေ့ လျားနေသည်။
မျက်နှာသစ်ရေကျသံ၊ အ၀တ်အစားလဲနေသံ။ အိမ်ခန်းတံခါး အပြင်မှသောခတ်သံ။ လှေကား၏ ခြောက်သွေ့ နေသည့် အင်္ဂတေသားကို ခပ်စိပ်စိပ်နင်းသွားသည့် ခြေသံ။ ထို့နောက် တဖြေးဖြေးဝေးသွားမည့် တဖျပ်ဖျပ်ခြေသံ။ နံနက်ခင်းဝန်းကျင်၏ ထွက်ပြူစအသံများကြားတွင် ပျောက်ကွယ်သွားတော့မည်။ သူသည် အိပ်ရာထက် ပက်လက် အနေအထားအတိုင်း ရင်ဘတ်ပေါ်လက်တင်၍ နားစွင့်နေသည်။ ခြောက်ထပ်၊ ငါးထပ်၊ လေးထပ် …။ ခဏမျှကြာလျှင် ခြေသံ လုံးဝကြားရတော့မည် မဟုတ်။ မေမေ လှေကားအတိုင်း ဆင်းပြီးသွားလောက်ပြီ။ ၀ရန်တာထွက်၍ ငုံ့ကြည့်လို စိတ်များ ပြင်းပြလာသည်။ မြေညီမှ လှေကားသံပန်းတံခါး သော့ဖွင့်နေသံ ကြားယောင်လာသည်။ သူ၏ နှလုံးခုန်နှုန်း ပို၍ ကြမ်းတမ်းလာ၏။ ရင်ဘတ်ပေါ်မှလက် တင်းတင်းဖိထားမိပြန်သည်။ သို့နှင့် သူ ၀ရန်တာသို့ မထွက်ဖြစ်ခဲ့။
အိပ်ရေးမ၀တ၀နဲ့ နိုးနိုးလာတဲ့ မနက်ခင်းတွေမှာ လင်းကျင်းနေတဲ့ ဟင်းလင်းပြင်ကြီးထဲ လေးတိလေးကန် ကြည့်နေမိတော့ အမည်မသိတဲ့ငှက်လေးတွေ ပေါ့ပေါ့ပါးပါး မြင်နေရတယ်။
မေမေရယ် ……
ကောင်းဖြိုး

~ by kaungphyo on September 17, 2009.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: