ရော်နယ်လ်သာစိန် (ခေတ္တ-စပိန်)

ရော်နယ်သာစိန် (ခေတ္တ-စပိန်)
(အားရာရား)

အဆီပြန်မျက်နှာပေါ်က ၀က်ခြံဖုတွေ တဗျစ်ဗျစ်ညှစ် ရင်း ဒီလိုစဉ်းစားမိသဗျ။ တစ်ရက်ပြီးတစ်ရက်အခန်း အောင်းနေရသလို ဖြစ်နေရတာလည်း အတော်ကြာ ပြီ ကိုး။ ရှိသမျှလေး ထုခွဲရောင်းချရင်း လက်ထဲမှာ လည်း ကုန်သလောက်ဖြစ်နေ ပြီ။ အဲသလိုအချိန်မျိုး စဉ်းစားမိတာက တောပြန်ပြီးနေဖို့ကလွဲလို့ဘာဖြစ်ရ ဦးမှာလဲ။ ယာအလုပ် ကိုင်းအလုပ်တော့ ဘယ်လုပ် တတ် လိမ့်မတုံး။ ကျုပ်တတ်ထားတဲ့ ပညာလေး မတောက်တခေါက်နဲ့ ကျူရှင်ပြစားမလားလို့ပေါ့။ အဲ … ကွန်ပျူတာလေး မဖြစ်စလောက်ကိုင်တွယ်တတ် လို့ ဒါလည်း သင်တန်းပေးရင် ဖြစ်လောက်တယ်။ ခေတ်ကြီးက ကွန်ပျူတာခေတ်ကြီး ဖြစ်နေတာကိုး။ ရွာပြန်ပြီး မင်းသာကြီးလုပ်မယ်ပေါ့။ ဒါပေမယ့် ဆိုင်း မပါ ဗုံမပါ ပြန်ရမယ့်အရေးမို့ တွေးတွေးပြီး ရင်လေး နေမိတာ အမှန်။
“ ကိုသာစိန်၊ ရှင့်မလည်း တစ်နေကုန် မီးခိုးတအူအူနဲ့ အချိန်ကုန် နေတော့တာပဲ ”
“ ရှင်မရယ် … ဒါ တိုင်းပြည်တည်နေ တာကွ။ ဘယ်စခန်း ဘယ်နန်းဟန်နဲ့ထွက်ရမလဲ ကြံစည်နေတာကွ ”
“ စဉ်းစားထား၊ စဉ်းစားထား။ဆေးလိပ် ဖိုးကို မနည်းတော့ဘူး။ ကြက်သားဈေးကျလို့ ကြက် သားချက်ရ။ ၀က်သားဈေးကျလို့ ၀က်သားဝယ်ချက် ရ။ တော်မသိဘူး မဟုတ်လား။ ပြောမပြောချင်ဘူး”
“ ဒီ ဘောဂဗေဒတွေ …..ကျုပ်လာပြောမနေနဲ့။ ဘာမှ အဆင်မပြေသေးတော့ ထိုင်နေတာမှာ စရိတ်ပွန်း သက် သာသေးတယ်မှတ် ပါ ရှင်မရယ် ”
ကျုပ်လည်း ပြောပြောဆိုဆိုအိမ်နောက် ဖေးဘက်သွားပြီး သန့်စင်ခန်းထဲ ၀င်ထိုင်နေလိုက် တော့တယ်။ အပေါ့အပါးသွားချင်လို့ မဟုတ်ဘူး။ လွတ် ရာကင်းရာ လုံခြုံစိတ်ချရာက ဒီနေရာ အကောင်း ဆုံးမဟုတ်လား။ အပြင်ကနေ တံခါး တဒုန်းဒုန်းထုပြီး စကားလိုက်ပြောနေဦးတော့ မျက်နှာချင်းဆိုင်ရ သက်သာသွားတယ် မဟုတ် လား။ အနံ့အ သက်ဆိုးတွေ နံစမ်းပါစေ မမှုပါဘူး။
+ + + + +
“ အဖေရာ၊ ကျုပ်တို့တော့ တောပြန်ချင်ဘူးဗျာ”
“ ဟေ…ဘာဖြစ်လို့လဲကွ ”
“ ဘတ်စ်ကားနဲ့ ကျောင်းတက်ရလည်း မပင်ပန်းပါဘူးဗျ။ သွားနိုင်ပါတယ် ”
“ ဟုတ်ပါတယ် ကလေးရာ။ အဖေလည်း ကြိုးစားနေပါတယ်။ အစွန်အဖျားလေး ပြောင်းနေနိုင်ရင်ကို အကောင်းသားကွ။ ခုဟာက ခက်နေလို့ ”
“ မခက်ပါဘူး အဖေရာ။ ကျုပ်တို့ မုန့်ဖိုးတွေဘာတွေလည်း မယူတော့ပါဘူး ”
“ ကလေးရယ် … ”
ကျူပ်စကားခက်နေတုန်း၊ ရှင်မ ကလေးတွေ ထမင်း စားခေါ်လို့ ကျုပ်နားက မခွာချင့်ခွာချင်ထွက်သွားတဲ့ အကြီးကောင် ယောင်စိန့်ကျောပြင်ဝမ်းပန်းတနည်း ငေးစိုက်ကြည့်နေမိတယ်။ ဒီကလေးလည်း အတော် အရွယ်ရောက်လာပြီ။ မိသားစု ရဲ့လှုပ်ခတ်မှုတွေ နားလည်တတ်စပြုလာပြီ။ ကျုပ်စိတ်မကောင်းဘူး။ ကိုယ့်မိုက်မဲမှုအညစ်အထေးက သူရို့လေးတွေပေါ် စွန်းထင်းစပြုနေပြီ။ အငယ်မောင်နှမ နှစ်ယောက် ကြောင်စိန်မနဲ့ ငေါင်စိန်က ဘာမှ မသိနားမလည် သေးဘူး ပြောလို့ရပေမယ့် သူရို့ပူဆာတာလေးတွေ မရတဲ့အခါ သိသိသာသာမျက်နှာညှိုးတတ်လာကုန် ပြီ။ ကျုပ် ရင်ထဲလေးလိုက်တာ။ ရင်ဘတ်ပေါ် တံတားကြီးဆယ်စင်းပိနေသလားအောက်မေ့ရတယ်။ တော်သေးတယ် ထုံးကြမ်းနဲ့ ၀ါးလုံး သုံးထားတဲ့ တံတားတွေမိုလို့။
ထမင်းစားပြီးလို့ အိမ်နောက်ဘက် မီးဖို ခန်းထဲက မောင်နှမသုံးယောက် ကြွက်စီကြွက်စီနဲ့ ထွက်လာကြတယ်။ ထမင်းစားရင်း အဆင်ပြေခဲ့ဟန် မတူပါ။ ခုနောက်ပိုင်းကလေးတွေလည်း မောင်နှမ ချင်း ရန်ဖြစ်တာ ပိုများလာသလားလို့။ ကျုပ်လည်း စိတ်လိုရင် ချော့မော့ဖျောင်းဖျပေမယ့်၊ စိတ်အလိုမရ ရင် အာစောင်ပုပ်နံ့ကြီးနဲ့ ဟိန်းဟောက်ပစ်လိုက်တာ များ ယုန်လေးသုံးကောင် မိုးကြိုးပစ်ခံလိုက်ရသလို မျက်နှာနုနုလေးတွေ ညိုမည်းသွားတာပဲ။
“ အေး … မင်းတို့ ကြပ်ကြပ်ဆိုးရွား နေ၊ ပလက်ဖောင်းပေါ် မြန်မြန် ရောက်သွား လိမ့် မယ် ”
“ အိုတော်… ရှင်က၊ ဘာဆိုင်လို့လဲ။ ကလေးတွေကို အဲသလို နိမိတ်မရှိ ကြမ်းကြမ်း တမ်းတမ်းတွေ မဆိုပါနဲ့ ”
“ ပြောတယ်ကွာ၊ ဘာဖြစ်လဲ။ မင်းတို့ကောင်တွေ တစ်ခွန်းတည်းနဲ့ နားမထောင်တတ်ရင် အဲဟို ကြက်မွှေးတံ ကြည့်ထား ”
“ ရှင်က အာဏာအကုန်ပြနေတာလား။ ကလေးတွေကို ထိရဲထိကြည့်စမ်း ”
ဒီလိုနဲ့ ကလေးကစ လင်မယားချင်း ထ သတ်ပြီး၊ မိုးမီးလောင်ကြတာလည်း ခဏခဏပါ ဟ ရို့။ ကလေးတွေသာ ပြောရေးဆိုခွင့်ရှိရင် ‘အဖေနဲ့ အမေ ရန်ဖြစ်နေကြတာထက် ကျုပ်တို့အရိုက်ခံ လိုက်ရတာက သာလို့ကောင်းမယ်ထင်တယ်’ ပြောမလားမသိ။ လင်မယားချင်းရန်စောင်ပြီး စကားမပြောကြတော့ ကလေးတွေ ဟိုချောင်ကပ်၊ ဒီချောင်ကပ် ပိုအနေခက်ကုန်တာပေါ့။ ‘ သမီးရယ် ကိုယ်ကအကြီးပဲ အလျော့ပေးလိုက်ပါ’ ဆိုတဲ့ ယောက္ခမကြီးလည်း စိတ်ညစ်လွန်းလို့ ဘုရားစင် ရှေ့ ကကို မထတော့ပါဘူး။
ကျုပ်ကလည်း တကယ်တမ်း ဒေါသ ထွက်ပြီဆိုတော့မှ ဘာကိုဒေါသဖြစ်ရမှန်းမသိဘဲ တိုးလို့တန်းလန်းကြီး ဖြစ်နေတတ်ပြန်တယ်။ ဒါကို အထာသိတဲ့ အငယ်ကောင် ငေါင်စိန်က ‘ အဖေ့’ လို့ခတ်ချွဲချွဲခေါ်လိုက်ပြီး ပြုံးဖြီးဖြီးလုပ်ပြ တတ်တဲ့ အခါမျိုး ကျုပ်မရယ်ဘဲ တည်နေလို့ကို မရဘူး။ ဒီတော့လည်း ‘ဟေး ငါ့သားကွ’ ဆိုပြီး ဘာကွမှန်း မသိ သားအဖ နှစ်ယောက်ပွေ့ဖက်ပြီး တဟားဟား အော်ရယ်လိုက်မိတယ်။ ဒီတော့မှ အကြောက်လွန် နေတဲ့ ယောင်စိန်နဲ့ကြောင်စိန်မ တို့လည်း ကျုပ်နား ကပ်လာရဲတော့တယ်။ သားဆိုးသမီးဆိုး ရထားတဲ့ မိဘ စိတ်ဒုက္ခရောက်ရသလို၊ မိဘဆိုးရထားတဲ့ သားသမီးများခမျာလည်း ဒုက္ခရောက်ရမှာပဲလို့တွေး မိတယ်။ ကျုပ် ..ကလေးသုံးယောက် ဘာဒုက္ခမှ မရောက်စေ ချင်ဘူး အမှန်တကယ်။
+ + + + +
ဒီရာသီကုန်ရင် ကျုပ်ဆက်မလုပ်တော့ပါဘူး။ ကျုပ်သိပ်အားကိုးရတဲ့ ဒိုလေးလည်း လာလီဂါပြောင်းသွားပြီ။ ဟိုးအရင်က တည်းက ကျုပ်အသည်းစွဲ ကျုပ်အခေါ်မန်ချက်ပေါ့။ မန်ယူလို့မသုံးဘူး။ ယူဆိုတဲ့စကားက နိမိတ် မကောင်း ဘူးလေ။ ယူလိုက်တော့လို့ ပြောလိုက် သလို ဖြစ်ဖြစ်နေတယ်။ ချက်ဆိုတာကမှ ချက်လက် မှတ်တို့၊ ချက်ချာသွက်လက် ခြင်းတို့ဆိုတဲ့ နိမိတ် ကောင်းတွေ ရှိသေးတယ် မဟုတ်လား။
နှစ်လုံးသုံးလုံးလို လောင်းကစား သက် သက် မဟုတ်ဘူး။ အားကစားစိတ်ဓာတ်အခြေခံပြီး ကစားတာလို့ ရင်ကော့ခေါင်းမော့ ပြောနိုင်ခဲ့တုံးက ကျုပ်ကို ဘယ်သူမှ သိပ်မဝေဖန်ရဲဘူး။ ကြံတိုင်းမှန် တင်တိုင်းအောင်နေတာကိုး။ တစ်ပတ်တစ်ပတ် အိမ်တိုင်ရာရောက်လာရှင်းပေးနေတုန်းကများ ကျုပ်တို့ဖြင့် ရာဇပလ္လင်ဖင်ကပ်နေသလား အောက် မေ့ရတယ်။
ဟော နှစ်ကုန်ပိုင်းအလွဲလွဲအချော်ချော် များ လာတော့ အိမ်တိုင်ရာရောက် ဆွမ်းခံကြွတဲ့ ကိုယ်တော်မြတ်ကြီး ပုန်းရရှောင်ရ။ ကျုပ် ရှောင်လင်သိုင်း ကျင့်နေတော့၊ တယ်လီဖုန်းက တဂွမ်ဂွမ်။ ရှင်မဆိုတဲ့မိန်းမသားခမျာ ညည ကိုရီး ယားကား ကောင်းကောင်းမကြည့်ဘဲ နေရသေး တယ်။ အဆဲခံထိတော့လည်း သူပဲဖြစ်နေတော့ ဘယ်ခံနိုင်တော့ မလဲ။
“ ရှင် … ပုန်းမယ့်ပုန်းရင်လည်း ရှင့်လူရှိတဲ့ စပိန်သာလိုက်သွားတော့။ ကျုပ်တို့ တောပြန်မယ် ”
“ ရှင်မရယ်၊ မင်းပြောရက်လိုက်တာကွာ။ မင်းတို့သားအမိ ငါခွဲရက်နိုင်ပါ့မလားကွယ် …”
ကျုပ်ရဲ့ဖိုတွန်သံလေး မဆုံးခင်မှာပဲ တံခါးခေါက်သံ တဒေါက်ဒေါက်မြည် လာပြန်တာ ကြောင့် အိမ်ရှေ့ချွတ် ထားတဲ့ဖိနပ် စုံကိုင်ပြီး အိမ် နောက်ဖေး သန့်စင်ခန်းထဲ ပြေးရတော့တာပါပဲ။ ဖိနပ်ကျန်ခဲ့ရင် သဲလွန်စရသွားနိုင်တယ်လေ။ လောလောဆယ်လေးမှာတော့ ဒီသန့်စင် ခန်းလေး ဟာ ကျုပ်အတွက် စပိန်ပြည်ကြီးပါ။ ဒါတောင် စိတ်မဖြောင့်ပါ ဘူးဗျာ။ ဒီလူတွေ ရိပ်မိသွားပြီး ‘အပေါ့အပါးလေး သွားပါရစေ’ ဆိုလာရင်အခက်။ ဒီတော့ ရှင်မပြောသလို ကျုပ်လူရှိရာ ရီးရဲယ်မက်ဒရစ် လိုက်သွားရကောင်းမလား စဉ်းစားမိတယ်။

အားရာရား

~ by kaungphyo on August 3, 2009.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: