ပိုက်သာဂိုရပ်စ် အဆိပ်သောက်ခန်း

“ပိုက်သာဂိုရပ်စ်အဆိပ်သောက်ခန်း”

“ ကိုကျော်ထူး ပိုက်ဆံချေးဗျာ’’

“နေဦးဟေ့ကောင်ရ။ အခု ငါ ယန်းငွေများနေလို့ ဘတ်ငွေလျော့လျော့နေတယ်။          တစ်ရက်နှစ်ရက် အဆင်ပြေရင်ရမယ်ကွာ’’

ကိုကျော်ထူး ကျောက်မြောင်းမှာနေသည်။ တက္ကစီနှစ်စီးထောင်၊ ဒရိုင်ဘာနှင့် အငှားချထားသည်။ သူ့အလုပ်က ညနေကားပြန်သိမ်းချိန် ငါးလွှာကအောက်ဆင်း၍ ကားကိုစစ်ဆေးပြီးလက်ခံရန်။ တစ်နေ့တာ အုံနာခယူရန်သာဖြစ်၏။

သူ့ဆီသွားလျှင် လက်ဖက်ရည်သောက်ရသည်။ တစ်ခါတစ်ရံ အရက်သောက်ရသည်။ သူ့ဝင်ငွေ အကောင်းလွန်သည့် နေ့ရက်တချို့၌ ဗီးဂက်စ်တစ်ဘူး အိပ်ကပ်ထဲ အတင်းထိုးထည့်ပေးလိုက် တတ် ပြန်သည်။

“ခင်ဗျားဗျာ ငါးလွှာကအောက်ဆင်းပြီး လေဒီကြီးကွယ်ရာ အုံနာခယူနေတာပဲ။ မျာများ ဘတ်မှပေါ့”

“ဟကောင်ရ၊ အဲသလိုမဘတ်ပဲ ဒီလောက်ရမ်းနေနိုင်ပါ့မလား။ ဒါပေမယ့် အခုရက်ပိုင်း  ငါရမ်းတာ နည်းနည်းများသွားတယ်ကွ”

“အေးဗျာ၊ မရလည်း ပြန်တော့မယ်”

“နေပါဦးကွ၊ လက်ဖက်ရည်လေးတစ်ခွက်လောက်တော့ တိုက်လိုက်နိုင်ပါသေးတယ်”

တကယ်ပါ။ အိမ်စရိတ်လေးလိုနေလို့ ဒီချောင်ကြိုချောင်ကြားထဲထိ လိုက်လာပါတယ်။ လက်ဖက်ရည်တစ်ခွက်နဲ့ ပြီးမယ့်ကိစ္စ။ အင်း … ဒီတစ်နေရာမရ၊ နောက်တစ်နေရာ သွားရဦး မယ်။

“မင်းကလဲ ငါ ဒီဗီဒီလေးဝယ်ထားတာတောင် မကြွားလိုက်ရဘူး”

“အိုဗျာ .. ကိုယ်ဝယ်နိုင်တာမှတ်လို့”

“တားမရလဲ ပြန်တော့ကိုယ့်လူ။ မင်းအန်းမကြီး တာဝတိံသာရှစ်လွှာမှာနေတာဆိုတော့ ပန်းကန်ပြားပျံတွေ ခုန်ဆင်းလာမှာကြောက်ရတယ်။ မြန်မြန်သာကြွ”

“လူယုတ်မာကြီး”

အနှီဆိုက်ဘာကမ္ဘာကြီးကား ဂျီသြမေတြီသီအိုရီများ အခြေပြု၍ အနားညီခြင်းမညီခြင်း၊ ထောင့်မှန်ကျခြင်းမကျခြင်း၊ မျဉ်းပြိုင်ဖြစ်ခြင်းမဖြစ်ခြင်း၊တြိဂံ၊လေးထောင့်၊ ခြောက်ထောင့်။ ထောင့်နိုင်သလောက် ထောင့်ကြခြင်းများ အလျဉ်းမရှိ ဖြစ်နေဘိ။ တစ်ထောင့်တစ်နေရာမှပင် ၀င်ငွေရပေါက်ရလမ်း မလွယ်ကူခက်ခဲလာကြသည့်အခါ ချေးကြငှားကြ၊ ဒါ့အပြင် ပေါင်နှံ ရောင်းချခြင်းအမှုများအတွင်း ထောင့်ကျဉ်းလေးများ ဖန်တီးကြရကုန်။ ပိုက်သာဂိုရပ်စ်သည် ဘီစီငါးရာစုကပင် သဘာဝလောကအစစ်အမှန်ထဲ၌ သင်္ချာသဘောတွေ တွေ့မြင်ခဲ့လေသည်။

ကိုအော်တရုတ်အိမ်ရှေ့ခန်းမှာ ပက်လက်ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်ထိုင်နေရင်း မေးမိလေသည်။ စိတ်မသက်မသာဖြင့် အစီခံထိမီးလောင်ကြွမ်းနေပြီဖြစ်သည့် ဆေးပေါ့လိပ်တို ကို အိမ်ရှေ့ရေစပ်စပ်မြေကွက်လပ်ဆီ တောက်ထုတ်လိုက်ရင်း …

“မိန်းမရေ … လုပ်ပါဦးဟ။ ဘာများရောင်းစရာ ရှိသေးလဲလို့”

“အစိမ်းလေးတွေတော့ ရှိသေး”

“အေ ..”

‘ဟေ’ဟုပင် ပီပီသသမမြည်တမ်းနိုင်။ ညနေဂဏန်းလို မျက်လုံးများပြူးအစ်။ သိမ့်တုန်ရွှေရင် ဖိုခနဲလှိုက်ခနဲ။ ကျောမှီပေါ်က ဆန့်လာတဲ့ခါးလေးမှ မဖြောင့်ခင် စကားလက် သီးတစ်လုံး ဖြောင်းခနဲပစ်ဝင်လာပြန်၏။

“ကျောင်းစိမ်းလုံချည် နှစ်ထည်”

“သေလိုက်၊ အစ်မပဲ မော်တင်ကမ်းနား သွားရောင်းလိုက်”

“အေးလေ၊ ကိုအော်တရုတ်ရောင်းချင်သပဆို ဒါပဲကျန်တော့တယ်”

ဟုတ်တော့လည်း ဟုတ်သည်။ လင်မယားချင်းမို့ အနိုင်အထက်လုပြောလိုက်ရသည်။ ရင်မှာ မချိ။ ကိုအော်တရုတ်ရဲ့ ဗြူတီမဟေသီချယ်ရီကြီးတစ်ယောက် နားပေါက်ဟောင်း လောင်း ဖြစ်စေခဲ့တာလည်း ကိုအော်တရုတ် လက်ချက်။ ဒါတင်ပဲလားဆိုတော့ ကလေးတွေကို တီဗီ အကောင်းကြီး သွားပြင်ဦးမယ်ကွာဆိုပြီး မ,သွားလိုက်။ ကက်ဆက်အကောင်းကြီး မ,သွားလိုက်။ ဗီရိုဘေး စာအုပ်ပုံကြီး တအိအိပြိုကျနေတာလဲ ကိုအော်တရုတ်လက်ချက်။ ဒီအချိန် ပန်းဆိုးတန်း စာအုပ်အဟောင်းပုံသွားမွှေလို့ကတော့ ကိုအော်တရုတ်နာမည်တွေ အများကြီးတွေ့ ရမှာ။

ဘာပဲဖြစ်ဖြစ်၊ ဟန်ကိုယ့်ဖို့ပဲတွက်ပြီး ဒေါသနည်းနည်းထွက်ပြရဦးမယ် တွေးမိရဲ့။

“အံမယ်၊ မင်း … ဟင်းဟင်း ..”

“တဟင်းဟင်းလုပ်နေ။ မနက်ဖြန် ကလေးတွေ ကျောင်းထမင်းဘူးထည့်စရာ ဟင်းမရှိ ဘူး”

ဆင်လည်လိမ်သွားမတတတ် ရိုက်ချက်ပြင်းသည့် မဒမ်၏စကားလုံးများကား ခုခံချေပ စရာမရှိနိုင်အောင် နော့ကောက်တ်ချချေပြီ။ ကိုအော်တရုတ် ပက်လက်ကုလားထိုင်ကျောမှီ လေးပေါ် ပြန်ခွေလျော့ကျသွားလေသည်။

“ဆိုကရာတဲစ် အာသဲနာ့စ်မှာ ဘာကြောင့် အဆိပ်ခွက်ကိုင်ခဲ့တယ်ထင်သလဲ”

“ရှင်ကရော .. ကြက်သားနဲ့ခရမ်းချဉ်သီး ဘယ်ဈေးထင်လဲ”

“ဟိုက်”

ဘုတ်ကြီးရေ … သွားပေတော့ ပန်းဆိုးတန်းကို။

“ဒီမှာ မိန်းမရ။ သဘာဝသိပ္ပံကို သင်္ချာနဲ့တွေးခေါ်ပြရရင် အမှန်တရားက ထောင့်မှန်။ ငါတို့က ထောင့်မှန်ခံအနား”

“ရှင် ကြည့်လေရာမြင်လေရာ သင်္ချာသဘောတွေလာပြောမနေနဲ့။

ကျုပ်ကတော့ မီးဖိုချောင် မီးခိုးထွက်ဖို့ပဲသိတယ်”

တုံးပါ့ကွာလို့ ခပ်ပြင်းပြင်းပြောချလိုက်ချင်တဲ့စကားလုံးက ဘာလို့မှန်းမသိ။ လည်ချောင်း ထဲ နင်နေသည်။

+ + + + +

လျော်ဖန်များ၍ မဲနယ်စွဲနေသည့်စွတ်ကျယ်က ၀ါကျင့်ကျင့်။ အထက်အောက် ကြုံသလို ၀တ်တတ်၍ အနားစများတွန့်ကျေနေသည့် ချည်လုံချည် နွမ်းနွမ်း။ ကတ္တီမွှေးတုံးပြီး ဆေးကျွတ် နေသည့် သားရေဖိနပ်မွဲပြာပြာ။ ဒါတွေအားလုံးနှင့် သနပ်ခါးဘဲကျားလူးထားသည့် စပ်ဖြဲဖြဲမျက် နှာပေးတစ်စုံကို အင်စတော်လေးရှင်းလုပ်ပေးလိုက်လျှင် ကိုကျော်ထူးဆိုတာ ဖြစ်ပြီ။

“ခင်ဗျားက အင်္ဂလိပ်ခေတ်ချစ်တီးတွေထက်သာတာဆိုလို့ အသားဖြူတာနဲ့ စွတ်ကျယ် ၀တ်ထားတာပဲရှိတယ်”

ဒီလိုပြောချလိုက်ပေမယ့် ကိုကျော်ထူးအပြုံးမပျက်။ နှစ်ပင်တည်းမျှသော လည်ဆံမွှေး လိမ်ကျစ် ကျစ်ကို အသာပွတ်သတ်နေရင်းက-

“အေး … ဒီချစ်တီးကပဲ မင်းကိုအရက်တိုက်မှာနော်”

အရက်ဆိုင်ရောက်တော့ ကိုကျော်ထူးက ဘာအရက်သောက်ရရင်ကောင်းမလဲဆိုပြီး အရက် အရင်စဉ်းစားသည်။ ကိုအော်တရုတ်ကတော့ တစ်နေကုန်ဗိုက်ဆာနေသည်မို့ ဘာလေး မျိုချရရင်ကောင်းမလဲဆိုပြီး အမြည်းအရင်စဉ်းစားသည်။ သည်မှာကတည်းက ချဉ်းကပ်ပုံခြင်း ကွဲပြားခြားနားနေလေသည်။

“ကဲ ကဲ … ဘုတ်အုတ်ကြီးပြောဖူးတဲ့ ပေါင်းစည်းခြင်းတရားနဲ့စမယ်။ ရေမြေလေမီး ဓာတ်ကြီးလေးပါးတို့သည် အချိုးကျပေါင်းစည်းနေကြ၏။ မီးက လေနှင့်၊ လေက ရေနှင့် အချိုးကျပေါင်းသည်။ ရေက အရက်နှင့် အချိုးကျပေါင်းစပ်ဖို့ပဲလိုတော့တယ်။ ချကွာ …”

အရက်ခွက်ကို ခပ်ဆဆကိုင်ကြည့်မိသည်။ မျက်လုံးက ဖန်ခွက်ထဲ ယိမ်းယိုင်လှုပ် ခတ်နေသည့် အရည်များကိုကျော်ပြီး အငွေ့တထောင်းထောင်းထ ကြက်ချဉ်စပ်အမြည်းပန်းကန် ဆီ ရောက်နေသည်။

“အေ့ … ချပါကွ။ မင်းပြောတဲ့ပိုက်ဆံလည်း အဆင်ပြေပြီ။ စိတ်အေးလက်အေး အမူးသာချ။ ဒီတစ်ညတော့ မင်းအန်းမကြီး ခွင့်ပြုမှာပါ။ ချ …. အမူးသာချ။ ဒီသူငယ်ချင်းကိုမှ မကူညီရရင် ဘယ်သူ့သွားကူညီရမလဲ”

သွေးသောက်ညီအစ်ကိုတော်ရဲ့စကားအဆုံး [အရက်တစ်ခွက်စီလောက် မျက်နှာချင်း ဆိုင် ထိုင်သောက်ဖူးသွားရင်၊ သွေးသောက်ညီအစ်ကို ဖြစ်သွားတယ်မဟုတ်လား] လက်ထဲက အရက်တစ်ခွက် ဂွပ်ခနဲမော့ချလိုက်သည်။ ပြီး အမြည်းတစ်ဖတ် အလျင်အမြန်ကောက်ဝါးလိုက် သည်။ အစာ၀င္သြားမွ ဗိုက္ကတဂြီဂြီ ပိုမြည်လာသည်။ ခွေးပေါက်စလေးများ အစာခွက်အနီး တအီအီမြည်နေကြသလို အစာအိမ်ဂီတ ကြည်မြလို့နေပါသည်။

“သင်္ချာကိုသိရင် စကြ၀ဠာကို သိနိုင်ပြီဆိုတာ ပြောပါဦးကွာ”

ဝက်ဆီဖတ်များဖြင့် ရွှဲအီနေသည့် ကိုက်လန်တစ်ဖတ် တူနှင့်အလျဉ်စလိုဆွဲညှပ်လိုက်ရင်း ပါးစပ်တွင်းအရင်သွင်းလိုက်သည်။ အစာကို ဗလုံဗထွေးဝါးမြိုနေရင်းက ….

“ပိုက်သာဂိုရပ်စ် တွေးပြခဲ့တယ်။ နေ့နဲ့ည မြင်တွေ့ပြီးမှ နှစ်ကာလကိုရေတွက်နိုင်ခဲ့ တယ်။ အရေအတွက်နဲ့ဆိုင်တဲ့ပညာ ရရှိလာပြီးမှ အချိန်ကာလနဲ့ဆိုင်တဲ့သဘောတရား နားလည် လာကြတာ …တဲ့”

“ပလေတိုက ပိုက်သာဂိုရပ်စ်ရဲ့ ဖန်ဆင်းခြင်းသဘော၊ အချိန်ကာလ ဖြစ်ပေါ်လာခြင်း သဘော လိုက်နာခဲ့တာကရော”

နောက်တစ်ခွက်တော့ သောက်ဦးမှ။ မျက်လုံးတွေက ကန်စွန်းပလိန်း ပူပူနွေးနွေးလေး ပေါ် ၀ဲနေပြန်ပြီ။ တွေးခေါ်ရှင်ကြီး ဆိုကရာတဲစ် အာသဲနာ့စ်မြို့ရင်ပြင် ကုန်ပစ္စည်းအမယ်စုံ ရောင်းသည့် စတိုးဆိုင်ရှေ့ရပ်ရင်း ငါမလိုတာတွေ အများကြီးပါလား သုံးသပ်ခဲ့ဖူးသည်။ သူ၏ ဒဿနများသည် လွတ်မြောက်မှုနှင့် ငြိမ်းချမ်းမှုဆီသို့ ဦးတည်ခဲ့သည် ဆို၏။

“မင်းပြောတဲ့ ဒဿနိကဗေဒနဲ့ အရက်ဟာ နယ်နိမိတ်ခြင်း ထိစပ်လာကြပြီကွာ။ အခုဆို ငါတို့စိတ်တွေ ဘယ်လောက်လွတ်မြောက်နေသလဲ။ နှစ်ခွက်လောက် ဆက်တိုက်သောက်ပြီး သွာရင် နေရထိုင်ရ သိပ်ငြိမ်းချမ်းသွားတာပဲ”

ဟုတ်တယ်။ ဟုတ်တယ်။ လောလောဆယ်ဆယ်တော့ ၀မ်းမီးတောက်လေး အနည်းငယ် ငြိမ်းစပြု နေပါပြီ။ ထမင်းဖြူလေးတစ်ပွဲ မှာစားလိုက်ချင်စိတ်ပင် ဣနြေ္ဒဆယ်နေနိုင်ပြီဖြစ်သည်။ အီအီဆိမ့် ဆိမ့်လေး လျှာဖြားပေါ်လှိမ့်ဝင်သွားတဲ့ ကန်စွန်းရိုးဖောင်းဖောင်းလေးတွေ အရသာနှင့်အညီ ချဉ်စပ်စပ်ကြက်သားဖတ်လေး စားလိုသေးတာကြောင့် ကမန်းကတန်းလှမ်းအယူ ကိုအော်တရုတ် လက်ထဲက ၀ါးတူလွတ်ကျသည်။

“ငါ့လူ … အတော်မူးသွားပြီပဲ”

+ + + + +

“သြော် … ပိုက်သာဂိုရပ်စ်ကြီး အဆိပ်ရည် တွေသောက်သုံးပြီးမှ ပြန်လာတယ် ထင်တယ်”

တံခါးမှ သော့ကုန်အောင်မဖွင့်ရသေး၊ မဒမ်က ဆီးဟောက်သည်။

“ပိုက် .. ပိုက် .. ဆံ ပါတယ်”

အရှုံးပေးချင်လို့မဟုတ်ပေမယ့် ခေါင်းကဘယ်လိုမှ မထူနိုင်တော့။ ၀ါးလုံးတန်းရှည်မှာ ကန့်လန့်ဖြတ်တင် နေလှန်းထားသည့် လဲမှို့ခေါင်းအုံးဟောင်းတစ်လုံးလို ပျော့ဖတ်အိတွဲ ငိုက် စိုက်။

“ကလေး … ကလေးတွေရော။ ဘာကြွေးပြီးပြီလဲ။ ပိုက် … ပိုက် ..ဆံ ပါတယ်”

တံခါးဝပိတ်ရပ်နေသည့် မဒမ်ကိုကျော်လွန်ပြီး ကလေးနှစ်ယောက်ရှာကြည့်မိသည်။

“တော်ပြန်လာအောင် မစောင့်နိုင်တော့လို့ ပဲကတ္တီပါပြုတ်ဝယ်ပြီး ထမင်းနဲ့နယ်ကျွေး လိုက်တာ ဗိုက်ကားပြီးအိပ်ပျော်ကုန်ပြီ”

“ပိုက် .. . ပိုက်ဆံပါတယ်”

လျှာလိပ်ခွာလိပ် မျက်ခွံပိတ် ဖြစ်နေဆဲမှာပင် အိတ်ကပ်ထဲ အားယူနှိုက်လိုက်သည်။ လက်ချောင်းလေးများကား လေဟာနယ်ထဲ တစ်စံတစ်ရာ ဖမ်းယူဆုပ်ကိုင်နိုင်ရန် အားယူနေ ကြ၏။ ဘာမျှမရှိလေတော့။ လက်ကိုပြန်ထုတ် အိပ်ကပ်ပြားကြီး ပုတ်ခါမိသည်။ ရင်ဘတ်ကြီး သာ တဘတ်ဘတ် မြည်လာ၏။

“ဟိုက် … သွားပါပြီ”

“ဒီလောက် မူးရူးလာရတယ်လို့ဟာ”

မဒမ်အော်တရုတ်လည်း အပူရုပ်ကို ဟန်လုပ်၍ပင် မဖုံးကွယ်။ ကြမ်းတွင် ဆောင့်ကြောင့် ထိုင်ရင်း မေးထောက်။သူ့မျက်လုံးတွေ သမုဒ္ဒရာကြမ်းပြင်အောက် ကျပြောက်သွားသည့် အပ်တစ် စင်း မျှော်ငေးကြည့်နေဟန်။

“တောက် … လူမလွန်သားတွေ”

“တော်ပါတော့တော်။ ဥစ္စာပျောက် ငရဲရောက်ဖြစ်ပါတယ်။ တော့်ဘာသာလည်း ထွက် ကျခဲ့မှန်း မသိတာ။ ဘာဆက်လုပ်ရမလဲဆိုတာသာ စဉ်းစားပါဦး”

“ငါ .. ငါ ဗိုက်ဆာလွန်းလို့ အမြည်းစားချင်တာနဲ့ တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် သောက်လိုက်မိတယ်ကွာ”

ဂျီသြမေတြီပညာရပ်တွင် ထောင့်ကျဉ်းကလေးများ၏ မျက်နှာချင်းဆိုင်အနားများသည် တိုသောအလျားများသာလျှင်ရှိကြ၏။ ခဏမျှကြာလျှင် ကိုအော်တရုတ်တစ်ယောက် အိမ်နောက် ဖေးရေချိုးခန်းထဲတွင် စားသုံးခဲ့သမျှအစာအားလုံး တဝေါ့ဝေါ့ထိုးအန်နေလေသည်။

အားရာရား

~ by kaungphyo on August 13, 2008.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: