သေရည်မူးတဲ့ည

•October 19, 2014 • Leave a Comment

“သေရည်မူးတဲ့ည”

လူအများကြီးကြားထဲ
အထီးကျန်သလိုခံစားရအခါ
အဆင်ပြေလားဆိုတဲ့ စကားတစ်ခွန်း မောပန်းပန်းမျှော်မိတယ်။

နီရဲကောင်းကင်
တိမ်အမည်းစက္ကူစွန် ပြေးလွှားနေတုန်း
အန်ချပစ်လိုက်တယ်
အတော်မူးနေပြီပဲ။

ကောင်းဖြိုး

၁၈ အောက်တိုဘာ ၂၀၁၄

escape-2

ငါ့နိုင်ငံတော်ပြန်ပေး

•September 22, 2014 • Leave a Comment

တစ်ခါတစ်လေ ငါငိုကြွေးချင်တဲ့အခါ
ဘယ်သူ ပုခုံးငှားပေးမှာလဲ
မျက်ရည်တွေစွန်းထင်းပြီး အနေမခက်စေချင်ပေမယ့်
ခဏပေးငှားပါ
ငါ မောပန်းလှပါပြီ ….
ငါ့အတ္တ ငါ့အိပ်မက်တွေပဲလို့ ယိုးစွပ်လိုက်စမ်းပါ။
တစ်ခါတစ်လေ
ငါ လူပီသချင်တယ်။

ခက်ခက်ခဲခဲ စားဝတ်နေရေးတွေဖန်တီးနေရတဲ့
နုံချာချာဘ၀တွေထဲမှာ
စစ်အစိုးရလို့ ခဏခဏပြောရဖန်များနေတဲ့
မသတီစရာကောင်းလွန်းတဲ့အကောင်တွေကြားမှ
အလွမ်းဆိုတာ ပြောဖို့တောင့် မသတီစရာကောင်းရဲ့
မာရီယာ
မာယာကော့ဖ်စကီးနဲ့ အပြိုင် ငါဖျားနေတယ်
တစ်ခါတစ်လေ ခွင့်လွှတ်ပေးပါ။

အနုပညာနဲ့ ရှင်သန်ချင်တဲ့
ငါတို့မြို့ပြကို
ပိုက်ဆံဝါလားလုပ်ပစ်တဲ့
နှစ် ၆၀ အနုကြမ်းစီးပစ်တဲ့
အနာဂတ်မဲ့မဲ့တွေကြား
ငါ့ အလွမ်း ငါ့မျက်ရည်
ရေဆိုးမြောင်းထဲမှာ အလေနတော။

၈၈ ကို ငါချစ်တယ်
ငါ ဘယ်တော့မှ မမေ့ဘူး
ငါ့ တော်လှန်ရေး ငါ့ချစ်သူ သြဂတ်စ်။
မတိုင်ခင်က
ဆိုရှယ်လစ်တော်လှန်ရေး
ကွန်မြူနစ်လူ့အဖွဲ့စည်း
ရိုးမရေ …..
ငါ မလွမ်းဘူးပြောတော့လဲ နာကျင်စရာများနေလိမ့်။
ချစ်တယ်။

သြဂတ်စ်
ငါရူးသွားပြီ
မင်းရှိတဲ့ ဗမာပြည်မှာ ငါနေတယ်
နီရူဒါ ငါ … ချီလီကိုမလာနိုင်သေးဘူး။
ယက်ဖ်တူရှင်ကာနဲ့ ဇီမာလမ်းဆုံမှာ ဗော့ဒကာသောက်ရင်း
ဗမာပြည်က ချက်အရက်တွေအကြောင်း အိုဘားမား မသိအောင်ပြောမယ်။
အမေရိကန်မရှိလဲ ငါနေနိုင်တယ်
အကယ်ရွေ့ တရုတ်မကြီးတွေ ဘုံဆိုင်မဖွင့်ခဲ့ရင်ပေါ့။

လက်နက်ချလိုက်ရမလား
သူပုန်ထလိုက်ရမလားဆိုတဲ့
ကြမ်းကြမ်းတမ်းတမ်း ဆဲရေးစိတ်နဲ့
အတူနေသူငယ်ချင်းတွေလဲ ခဲပုတ်ရည်သောက်ရင်း
လွန်ခဲ့ပါပြီ …
ဘယ်တော့ ပြီးဆုံးမှာလည်း
မင်းတို့ရဲ့ မရပ်တော့တဲ့ စိတ်အလျဉ်တွေကြားမှာ
လယ်သိမ်းယာသိမ်း အခြေခံဥပဒေကအစသိမ်းခဲ့
ငါတို့ ၀ဲစုပ်ခံခဲ့ရ ခုထိတိုင်
သေလိုက် ….

ဟေ့ကောင်
ငါ ….နလပိန်းတုံးမဟုတ်ဘူး
ခဏစောင့်
ဝိညာဉ်ဖြစ်တောင်ပြန်လာမယ်။

ငါကတော့ အိပ်ရေးဝတယ်
တစ်ခါတစ်လေ …..
ချစ်ရတဲ့သူကို တမ်းတတဲ့စိတ်ကလွဲရင်ပေါ့။

ကောင်းဖြိုး
၁၉ စက်တင်ဘာ ၂၀၁၄

teatr

နာတာရှည်

•August 10, 2014 • Leave a Comment

Kan lun lay

ကိုယ့်အသက် မေ့လောက်ရဲ့

နှလုံးသားရဲ့ အစင်ကြယ်ဆုံးနေရာ

ညင်ညင်သာဖူးတွေ့

ကိုယ်ငွေ့နွေးနွေး မပြယ်ခင်

ရင်ခုန်သံစည်း အေးစက်မာကျောကာ

နှလုံးသား ဗလာဖြစ်ခဲ့။

 

လေလုံးရိုက်ပုတ် အော်မြည် သွေ့ခြောက်

လွမ်းလောက်ကျွမ်းလောက် နောက်ကျိဖွယ်

ဆေးညိုခြယ် တောတန်းချုံစပ် တစ်နံတစ်လျား

တိမ်သားများတောက်ပ

ကြောက်ဖွယ့်အလင်း

ငါ့ကိုဖိနှိပ်စားသောက်

ဦးနှောက် ဟင်းလင်းဖြစ်စေခဲ့။

 

  • မင်းဟိန်း
  • ကမ်းလွန်လေ ကဗျာမဂ္ဂဇင်း – အမှတ် (၁)
  • ၁၉၉၁- သြဂုတ်လ
  • စာမျက်နှာ -၁၆
  • မျက်နှာဖုံးပန်းချီ – စိုးဝင်းငြိမ်း

ကိုအောင်ဘညို  အမှတ် (၁) တစ်အုပ်ပဲ ထုတ်ဝေဖြစ်ခဲ့ပါတယ်။

အညာဆန်ကုန်းတွင်းသွား သင်္ဘောတစ်စင်း

•January 8, 2014 • Leave a Comment

Land Ship WP

ဟော့ဒီဆယ်စုနှစ်တွေ … စိန်ပန်းနီနီတွေ
မလှိုင်မှာတလွင့်လွင့်
ကျော်ကြီး လိပ်စာပြောပါ။ မှတ်တိုင်ပြောပါ။ ဖုန်းနံပါတ်ပြောပါ။
တရုတ်နီ သီတင်းကျွတ်လပြည့်နေ့က မင်းဆီလာတယ်။
မင်း မလှိုင်မှာရှိနေသေးမှန်း ဒီကောင်သိနေတယ်။
ငါတို့ရဲ့ တစ် နှစ် သုံး၊ အောက်တိုဘာ ၆၄။
နံပါတ်သုံးက မင်းလေ တရုတ်နီ …..
သနပ်ဖက်ခဲပြီးမောင်းတဲ့ အူးဂျီးရဲ့လေယာဉ်ပျံတစ်စင်းထဲမှာ
နှစ်ပေါင်းများစွာငြိမ်သက်ရင်း ငါတို့အရေခွံလဲခဲ့။

ကိုကြီးစန်းရေ …
ဖယောင်းလက်ရေးစာအုပ်လေးတစ်အုပ်လောက်လုပ်ရအောင်
လူကြုံရှိရင် ခဏလိုက်ခဲ့စမ်းပါဦး …
ထောင့်ဆိုင်ရှေ့က စောင့်နေတယ်။
ကျွန်တော့်အစ်ကိုကြီးကတော့ လှည်းကူးမှာချက်နို့ဆီတွေရောင်းလို့။
ကျွန်တော့်သားကြီးအားရှိဖို့ ကြက်တစ်ကောင်လုံး ပြုတ်ကြော်လုပ်ပြီး ယူလာတယ်။
မိုင်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ
အမေကြီး မလှိုင်ကို ခဏခဏလာရလွန်းလို့
အတရား မုံရွာလိုက်သွားတာ ပြန်မလာသေးဘူး။
ငါတို့က သူများတွေလို အဖေလို့မခေါ်ဖူးဘူး။

ကျော်စန်းလွင် မင်းပြန်လာခဲ့စမ်းပါကွာ။
ငါ့အစ်မ၀မ်းကွဲကို စန်ကြည့်လို့ တရုတ်သံအက်ကွဲကွဲနဲ့
တို့ညီအစ်ကိုတတွေ တစ်သက်လုံးအော်ခေါ်ခဲ့ကြတာပါကွ။
“သွားမယ်ဆိုလည်း ရုတ်တရက်သွားရင် … မျက်ရည်မ၀ဲခင် နှုတ်မဆက်ပဲသွားစေချင်”
ဆရာကြီးဦးထွန်းလှ လေးတိုင်စင်နားရောက်နေတယ်။ သီချင်းသံကြားရတယ်ဟုတ်။
မကျီးပင်ပုကအပြန် လှည်းလမ်းဘေးဇရပ်ပေါ်ထိုင်နားရင်း
ငါ့လက်က အနုပညာသမားလက်တဲ့လားကွာ
သိန်းငှက်လက်သည်းဖုထစ်ကြီးတွေပြရင်း အစ်ကိုမောင်ငယ်သွေး အက်ကွဲကွဲရယ်တယ်။
ပြီးတော့ “ဟေ့ကောင် ငါအပြန် မြင့်မော်ကြီးဆီ ၀င်ဦးမှာကွ”
ဟာဗျာ အစ်ကိုကလည်း ပုဂံလမ်းမှာ သီချင်းဆိုလို့ရနေပြီဗျ ….
ကိုမင်းလူ ဦးဝဏ္ဏတို့က သိပ်မကြာစေနဲ့တဲ့။

ဒီလိုနဲ့ပဲ ရတနာပုံထဲက ခတ်သုတ်သုတ်ထွက်
မြေပပ်ကြားအက်တွေထိုးခွဲပြီး

ငါတို့အိမ်ရှေ့ အမှတ်(၄)လမ်းမကြီးပေါ်မှာ ဥသြသံကုန်ဆွဲလိုက်တယ်။

သင်္ဘောခေါင်းတိုင်ထိပ် မီးခိုးမည်းတွေ တစ်လိပ်လိပ်
မိုးခေါင်ရေရှား ကန္တာရဆူးတွေ လှိုင်းထလာတယ်။

အားလုံးစုစုရုံးရုံးရှိနေအောင်
ငါ့ကျောက်ဆူး ဘယ်နားပစ်ချလိုက်ရမှာလဲဟေ့ …..  ….. ….

ဖြစ်တည်မှုကို မှန်းဆခြင်း

•October 16, 2013 • Leave a Comment

Knockout” ဖြစ်တည်မှုကို မှန်းဆခြင်း “

တစ်ခါတစ်လေ အိပ်ရာဝင်အိပ်ပျော်သွားတဲ့အခါ
အိပ်မက်ကကြီးကြီး အိပ်ရာကသေးသေး
ညထဲ ကလေးတစ်ယောက်လို လန်နိုးခဲ့ အခါခါ
ဖိသိပ်မွန်းကြပ်စွာနဲ့ပေါ့ …..

ဒီလိုနဲ့
ခုနှစ်တွေ သက္ကရာဇ်တွေ
ဘာရယ်မဟုတ်ဘူး အပေါစားစာမျက်နှာလို
ခပ်ညံ့ညံှ့ဇာတ်လမ်းတွဲတစ်ခုလို
ပျင်းရိငြီးငွေ့စွာ ကုန်လွန်လာခဲ့တဲ့ အခါ
ဦးခေါင်းမှာ မီးချောင်းတွေအများကြီးလင်းလက်
ပြတ်လုပြတ်ခင် ဖိနပ်တစ်ဖက်နဲ့
အိပ်မက်ထဲလမ်းလျှောက်နေသလို
ဘာကိုမှ မရဲဝံ့တော့ဘူး ကြောက်တတ်တဲ့လူ …

ကြိုးဝိုင်းမှာ မှောက်ချလိုက်တဲ့သူ အနာသက်သာသတဲ့
လက်နက်ချလိုက်ရမလား၊ သူပုန်ထလိုက်ရမလား
ပထမဆုအတွက် အနာခံပြီး လက်သီးတွေနဲ့ ကုန်းရုန်းထ
သွေးစေးနဲ့ဖူးရောင်နေတဲ့ အနာတရ မျက်လုံးတွေက
ရန်သူကိုမမြင်ရတော့ပေမယ့် အစာကိုမင်နေတယ်
ငါနိုင်ရမယ် ….
ငါနိုင်ရမယ် ….
ဒီလိုနဲ့ပဲ ငါ ဆက်ရှိနေခဲ့
မနက်ဖြန်အထိ ဖြစ်ချင်ဖြစ်မယ်
သန်ဘက်ခါထိ ဖြစ်ချင်ဖြစ်မယ်
ဒီထက်ပိုရင်ပိုမယ်
ဒီထက် လျော့ရင်လျော့မယ်
ဘာပဲဖြစ်ဖြစ်
ဒါဟာ ငါဖြစ်နေတယ်။          ။

ကောင်းဖြိုး
(မေ၊ ၇၊ ၂၀၀၉)

မျက်လှည့်ပြတဲ့ ဆရာကြီး ဦးသောင်းနိုင်

•October 11, 2013 • Leave a Comment

The Magician

“ဆရာကြီးလာပြီ မျက်လှည့်ပြတော့မည်”

ကလေးတွေဝိုင်းအော်နေကြတော့ ယမနေသား သင်ပုန်းကြီး ဗြန်းဗြန်းမြည်အောင် ၀ါးခြမ်းပြားနဲ့ရိုက်တဲ့ အသံ ထွက်လာတယ်။

(လွမ်းစရာ အဲဒီကျောင်းဆောင်လေးက အခုမရှိတော့ ပါဘူး။ ကျောင်းဝန်းထဲ ၀င်ဝင်ခြင်းတွေ့ရတဲ့ အဆောင်လေးပါ။ ကျောင်းအ၀င်ညာဘက် ဦးညီလေး၊ ဦးပိန်တို့နေတဲ့အဆောင် ရှိတယ်။ လှေကားသုံးလေးထစ်အမြင့် ပျဉ်ကြမ်းခင်းပျဉ်ကာ ရေနံဝနေတဲ့အဆောင်လေး။ ရှေ့မှာ ဦးညီလေးရဲ့ ရေစည်လှည်း နဲ့ နွားနှစ်ကောင်ရှိတယ်။ ကောက်ရိုး မြက်ဖြတ်စင်ရှိတယ်။)

“ဟေ့ကောင်တွေ တော်ကြစမ်း၊ တိတ်ကြစမ်း”

အသံက မာမာထန်ထန်ပေမယ့် မျက်နှာကပြုံးဖြီးဖြီး။

ဆရာ့ပုံသဏ္ဍာန်က ပါးပါးလှပ်လှပ်။ အသား မည်းမည်း။ မျက်နှာချောင်ချောင်။ ဘယ်အချိန်က ဘယ် သူစခေါ်ခဲ့လဲ မသိဘူး အားလုံးက ကုလားဆရာကြီး လို့ ခေါ်တယ်။ ဆရာကြီး ဦးပိန်လို့လဲခေါ်တယ်။ ဆရာ့နာမည် ဦးသောင်းနိုင်။

“ဆရာကြီးလာပြီ .. မျက်လှည့်ပြတော့မည်”

“ဆရာကြီးလာပြီ .. မျက်လှည့်ပြတော့မည်”

“ဆရာကြီးလာပြီ .. မျက်လှည့်ပြတော့မည်”

ကျွတ်ကျဲနေတဲ့ ၀ါးထရံပြဲကြားက ကလေးတွေရဲ့ ၀မ်းသာအားရအော်သံ။ `မည်´နဲ့ အဆုံးသတ်တော့ သံ ပြိုင်ညီညာ စာဆိုနေသလိုလို။ ဖုန်အလိမ်းလိမ်းထ မြေ စိုက်စာသင်ခန်းလေး။ ကျောင်းရှေ့မျက်နှာစာတလျောက် ဖြတ်သန်းသွားတဲ့ လှည်းလမ်းကြောင်းက သံလှည်းဘီး ရာ ချိုင့်ခွက်တွေထလို့။

ပိစိကွေးတွေ ဆူညံပွက်လောရိုက်နေတော့ဆေး အနက်သုတ်ထားတဲ့ ယမနေသားသင်ပုန်းကြီးကို ၀ါခြမ်း ပြားနဲ့ သုံးလေးချက်ပုတ်လိုက်တယ်။ ဆူသံညံသံ ခဏ ငြိမ်သွားတယ်။ စာသင်ဖို့ သင်ပုန်းစဖျက်တယ်ဆိုရင်ပဲ မျက်လှည့်ပြတော့မည်…ဆိုတဲ့အော်သံတွေ ပွက်ပွက်ဆူ၊ ကြွက်ကြွက်ညံလာပြန်တယ်။ သုံးလေးခွန်းနဲ့မရပ် ဆက် အော်နေကြတော့ ….

“ဟေ့ကောင်တွေ … တော်ကြစမ်း၊ ရပ်ကြစမ်း´´

သင်ပုန်းကြီး တဗြန်းဗြန်းမြည်အောင် ထပ်ပုတ် လိုက်ရပြန်တယ်။ ဆရာကြီးအသံက ထန်ထန်ဆတ် ဆတ်ပေမယ့် ကလေးတွေ အကြောက်အလန့်မရှိ။ ကြွက် စီပွက်စီ လုပ်ချင်တုန်း။ ဒီအလှုပ်အရွလေးတွေ မသိချင် ယောင်ဆောင်ပြီး ဆရာကြီးပိန် သင်ပုန်းအလယ်မှာ `၀လုံး´ ကြီးကြီးတစ်လုံး ၀ိုင်းချလိုက်တယ်။

“၀လုံး”

တစ်ယောက်မကျန် စာအံတဲ့အသံ။ အမိဝမ်းက အထွက် `အူဝဲ´ အော်ခဲ့ကြတာရယ်၊ သူငယ်တန်းအတက် `၀လုံး´ လို့ ကြုံးကြုံးပြီး အော်နေကြတာရယ် လူသားရဲ့ အစကနဦး အားမာန်တွေလို့ မြင်လိုက်မိပါတယ်။

ကျောင်းတက်စနေ့တွေမို့ နှပ်ထွက်အောင် ငိုကြ လွန်းလို့ မနက်စောစော အမေလိမ်းပေးလိုက်တဲ့ သနပ် ခါး ထူပြစ်ပြစ်မှာ နှပ်နဲ့မျက်ရည်တွေ။ သူရို့လက်ဖနောင့် သေးသေးလေးတွေနဲ့ ဗုံပတ်စာနယ်သလို နယ်ကြတော့ မည်းချိတ်ပေတူး။ ကြက်သားအုပ်မကြီး တောင်ပံအပြင် ရောက် ကြက်ပေါက်စလေးတွေလို တစာစာအော်ရင်း ခိုကိုးရာမဲ့။ အခုတော့ ဆရာကြီးပိန်ရဲ့ မျက်လှည့်ခန်းမှာ အနာဂတ်ရဲ့ ထူးချွန်ပြောင်မြောက်မယ့် ကျောက်ကောင်း လေးတွေ ရယ်မောပျော်ရွှင် တလက်လက်တောက်ပ။

သင်ပုန်းပေါ်က ၀လုံးကြီးအောက်ခြေ အ၀တ်စ မည်းကြီးနဲ့ အသာတွန်းဖယ်ဖျက်လိုက်တယ်။ ဟော ကြည့်။ ဆရာကြီးပိန် နောက်ဗျည်းတစ်လုံး တက်လိုက် ပြန်ပြီ။

“ဂငယ်”…..

ဒါကိုပဲ ကလေးတွေက မျက်လှည့်ပြတယ် ပြော တာ။ ဆရာကြီးပိန် ကလေးတွေကို စာသင်မယ် မပြော ဘူး။ ဒီလောက်ငိုယိုနေကြတာ စာသင်မယ်ပြောရင် ဘယ်အငိုတိတ်မလဲ။ ဟေ့ ငိုနေတဲ့ကောင်တွေ အငို ရပ်ကြ။ ဒီနေ့ မျက်လှည့်ပြမယ် လုပ်လိုက်တော့တာပေါ့။ သင်ပုန်းမည်းကြီးပေါ်က ဂငယ်ကို မြေဖြူနဲ့ပြန်ဆက်။ နောက်တစ်မျိုး ဖျက်ပြလိုက်ပြန်တယ်။

“ငငယ်” …..

မည်းမည်းခြောက်ခြောက်မျက်နှာ၊ ချိုင့်ခွက်နေ တဲ့ မျက်တွင်းနက်ထဲက မျက်လုံးပြူးကြီး ၀င်းကနဲဖြစ် သွားပြီး ….

“ဟေ့၊ `င´ဆိုတာ တစ်သံတည်း။ မှတ်ထားစမ်း။

လိုက်ဆို … င “

“င” …….

တက်တက်ကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင်အော်သံတွေ စီညံနေဆဲ။ `င´ကို ပြန်ဆက်ပြီး အပေါ်ဘက်ကို ဖျက်ပြ လိုက် တယ်။

“ပ”

ဗြန်း …ဗြန်း ….ဗြန်း ….

“ပစောက်” …..

သင်ပုန်းကြီးပေါ် ၀ါးခြမ်းပြား တဗြန်းဗြန်းရိုက်သံ အဆုံး ကလေးတွေ နောက်တစ်ကြိမ် ထပ်ဆိုတယ်။ စာ သင်ခန်းအကာ ၀ါးထရံတင်မဟုတ်ဘူး၊ အမိုးဝါးကပ်တွေ ပါ လန်သွားအောင် အော်ဟစ်နေကြတာ။ ဆိုကြစမ်း၊ အော်ကြစမ်း။ သစ်သားသင်ပုန်းကြီး ဗြန်းဗြန်းမြည်လို့။ မြေဖြူမှုန်တွေ တဖွားဖွားလွင့်လို့။ ဗွမ်းကနဲ ဂေါ်နဲ့ပက် တင်လိုက်တဲ့ မြေစာထဲက ကျောက်ကောင်းလေးတွေ၊ အရောင်လက်လက်လေးတွေ ငေးကြည့်ရင်း ဆရာကြီး ပိန်လည်း သွားကျိုးတွေပေါ်အောင် တဟဲဟဲရယ်လို့။ ဟစ်ဟော့ပ်ဂီတစင်မြင့်ပေါ်က လူငယ်ဂီတသမားလေးလို မြူးကြွစိတ်အဟုန်နဲ့။

+ + + + +

“ဆရာကြီးလာပြီ ..”

“ဆရာကြီးလာပြီ ..”

“ဆရာကြီးလာပြီ ..”

ဘာဆရာကြီးမှန်းတော့မသိပေမယ့် ဆရာကြီးပါ ပဲ။ အားလုံးက ကိုယ်လေးရို့ပြီး နေရာထိုင်ခင်းပေးကြ တယ်။

“ကဲကဲ မဲစနှိုက်တော့ …”

စင်မြင့်ပေါ်မှာ ကလေးတွေက မဲပုံးထဲက စက္ကူ အလိပ်လေးတွေ နှိုက်ပေးတယ်။

မိုးစိုပြီးနေထိတဲ့ ပဲစဉ်းငုံရိုးခြောက်လို ပိန်လှီမည်း ခြောက် အစက်အပြောက်တွေထနေတဲ့ ဆရာကြီးပိန် လည်း မဲတန်းစီတဲ့အထဲပါတယ်။ ရပ်ကွက်သူရပ်ကွက် သားတွေနဲ့ ထိုင်စရာမရှိ ရပ်စရာမရှိ။ နေပူထဲရပ်နေရင်း ခါးလည်ထက်ပိုင်း ကျိုးကျလုမတတ် နွမ်းဝေမူးနောက်။ အသက်ရှူမ၀နိုင်ဖြစ်နေတာမို့ ကံထူးရှင်ကြေညာသံကြား ရအောင် ရှေ့ဘက်နားတိုးသွားဖို့သာ ကြိုးစားမိပါတယ်။ အစိုးရမင်းများ သနားတော်မူတဲ့ ၁၅၀၀ တန် ဆင်းမ်ကဒ် မဲနှိုက်ပါတယ်။ သုံးလေးကြိမ်ရှိပေမယ့် မပေါက်သေး ဘူး။ တော်တော်ညံ့တဲ့ကိုယ့်ကံကို စိတ်တိုလို့ မင်းတို့ ပေး မပေါက်မခြင်း လာနှိုက်နေမယ်ကွ …. စိတ်ထဲမှာ ကြုံးဝါး ထားလိုက်ပါတယ်။

ကြောက်တတ်တဲ့ မဒမ်ပိန်ကတော့ “တော်ကလဲ တယ်လီနောတို့ အော်ရီဒူးတို့ရောက်လာမှ ကျုပ်တို့ မိသားစုလိုက် ဖုန်းကိုင်ကြတာပေါ့၊ ပြည်ပအားကိုး ပုဆိန် ရိုးလို့ဆိုလဲ တတ်နိုင်ဘူးတော်ရေ …” ဆိုတာလဲ နားမ၀င် တော့ပါဘူး။ တစ်ပတ်ပေါက်နိုးနိုးနဲ့ သွားနေလိုက်ရတာ စင်အောက်ကမပေါက်ပဲ စင်နောက်ကပေါက်နေသလား အောက်မေ့ရတယ်။

ကျုပ်တို့က မဲစနစ်နဲ့ ငယ်ပေါင်းကြီးဖော်နေလာ ကြတာဆိုတော့ အသားကျလာပါပြီ။ ပပက၊ သမ၀ါယမ ဆိုင်တွေက ကောင်းပေ့ပစ္စည်းဆို မဲနှိုက်ရတာပါပဲ။ ဖောက်တော့လည်း ဥက္ကဌ၊ ပေါက်တော့လည်း ဥက္ကဌ။ ဒါကို အမှတ်မရှိတဲ့ကျုပ်က မျှော်ကိုးနေသေးတာ။ မဒမ် ပိန်ပြောတာရှိသေးတယ် -

“ဆင်းမ်ကဒ်နှိုက်မနေနဲ့တော်ရေ

ဥက္ကဌမဲသာ ရအောင်နှိုက်” …. တဲ့။

အိမ်ရှေ့ကပြင် ခွေခွေလေးလှဲအိပ်နေတဲ့ ဆရာ ကြီးပိန်ကို ကြပ်ခိုးမှိုင်းမှောင်နေတဲ့ မီးဖိုဆောင်ထဲ ထမင်း ရည်ခံနေတဲ့ မဒမ်ပိန်က စိတ်မသက်မသာဖြစ်ပြီး -

“မနက်ြဖန်ကြ ကျုပ်နားကပ်လေးရယ်၊ ကလေးလက်စွပ် လေးရယ် သွားရောင်းလိုက်မယ်တော်။ တော်ဒီလောက် ဖုန်းကိုင်ချင်နေရင်လဲ တစ်သိန်းခုနှစ်သောင်းပေးပြီး အ ပြင်က ချက်ခြင်းဝယ်လိုက်။ မိုးပေါ်ကပြုတ်ကျလာမယ့် တော့်ဖုန်းကဒ် စောင့်မနေနဲ့”

“ဟန်းဆက်ဝယ်ဖို့ရော ပိုပါ့မလားဟာ”

“ဟိုက ဒီက၊ ခဏလှည့်ရမှာပေါ့။ ရော့ရော့၊ အားပြည့် သွားအောင် ထမင်းရည်ပူပူလေး မှုတ်သောက်လိုက်ဦး”

“အေးပါဟာ”

ကလေးငယ်တွေကို မျက်လှည့်ပြကျွမ်းကျင်ခဲ့တဲ့ ဆရာကြီးပိန်၊ မဒမ်ပိန်လိုတော့ လက်လှည့်မကျွမ်းကျင် ပါဘူး။ စိုထိုင်းနေတဲ့ ၀န်းကျင်ရဲ့အနံ့အသက် ပင့်သက်နဲ့ ငေးမော။ အေးပါဟာ လေသံပြော့လေးလည်း ညနေခင်း ရဲ့ ချဉ်စူးစူးလေထုထဲ စူးဝင်နစ်မြုပ်။

မနက်ဖြန် တယ်လီဖုန်းလေး ကိုင်ရမယ့်အရေး ၀ိုးတ၀ါးနိုင်လွန်းလှတဲ့မြင်ကွင်း ဆ၀ါးဝါး ငေးကြည့်ရင်း ဆရာကြီးပိန်ဆိုတဲ့ အားကုန်သွားတဲ့ ဓာတ်ခဲတစ်ခဲ။ အလင်းတွေ မဖြန့်ကြဲပက်နိုင်တော့အချိန် ကုန်စိမ်းဘန်း ထဲ ဖင်ပိန်ခါးချိုင့် အလေးဓာတ်ခဲတစ်ခဲ ဖြစ်သွားခဲ့ပါပြီ။ မဒမ်ပိန်သာ နှုတ်ပြန်ပက်တတ်တဲ့အလေ့ရှိခဲ့ရင် ဒီလိုများ လားမသိ။

“အို …တော်တို့က ကလေးငယ်ငယ်တွေကို မျက်လှည့်ပြ နည်းကအစ သင်ပေးလိုက်တာကိုး”

အားရာရား (မင်းဟိန်း)

ကျွန်တော့်သူငယ်တန်းဆရာ၊ ကံ့ကူလက်လှည့် မျက်လှည့်ဆရာ

ဦးသောင်းနိုင် @ ကုလားဆရာကြီး @ ဆရာကြီးဦးပိန် (အထက၊ မလှိုင်) အတွက် အမှတ်တရ ရေးဖွဲ့ပါသည်။

ရွှေတောင်တန်း ဗောတံတား

•July 19, 2013 • Leave a Comment
မြားနတ်မောင်မဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ကဗျာလေးပါ။

ရွှေတောင်တန်းဗောတံတား အမှတ် -၂

မြားနတ်မောင် -မင်္ဂလာမဂ္ဂဇင်း
The Cupid Magazine
Issue : No. 132, June, 2013
Chief Editor : U Lun Maung
Executive Editor : Dr. Lun Swe
Editor Member : Win Thura
Illustrator : Mote Thone

“ရွှေတောင်တန်း ဗောတံတား”

ရွှံညစ်ရေ
ငါးအကြေးခွံလို တရစ်ရစ်
စီးဆင်း . . .
ရေတက်လား၊ ရေကျလား
မြစ်ကို နားမလည်။
ဘာပြုလို့ ဒီမှာလာရပ်နေရတာလဲ
မြစ်က နားမလည်။

အလိုမပါဘဲ
လက်လျှော့လိုက်ရတဲ့
ကျ,နေက
မော်တော်တစ်အုပ်နဲ့
မြစ်လေကို အေးစေတယ်။

ဒီအချိန်မှာ
ပင်လယ်ကူးသင်္ဘောတွေလို
နုံးသောင်တွေလို
မြစ်လယ်မှာ ဖြစ်ထွန်းလိုစိတ်
တရိပ်ရိပ်ဖိတ်အန်ကျ။

ခဲသီးနဲ့လွှဲပစ်တဲ့ နိုင်လွန်ကြိုးစမှာ
နာမည်မခေါ်တတ်တဲ့ငါးက
ပါလာတယ်။
အာစောင်နုမှာ အရိုးစူးလို့
ကပ်ကပ်ရပ်ရပ်တိုက်တွေလို လေငတ်လို့
တဆတ်ဆတ်ခုန်ပျံ . . .
ငါးက ဖြစ်ထွန်းနေလိုသေးတာ။

သားငယ်လက်ဆွဲ
မြင်ကွင်းကိုကျောခိုင်းခဲ့
ငါး မဖြစ်ခင်လေးတင်။

ကောင်းဖြိုး

***

 
Follow

Get every new post delivered to your Inbox.